21/05/2026
⚠️ အီဘိုလာ ကူးစက်ရောဂါ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) (မေလ၊ ၂၀၂၆ ခုနှစ်)
၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ နှင့် ယူဂန်ဒါနိုင်ငံတို့တွင် ဖြစ်ပွားနေသော Bundibugyo Ebola virus strain (BVD) ကြောင့် ဖြစ်ပွားသည့် အီဘိုလာ (Ebola) ရောဂါကူးစက်မှုကို အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern – PHEIC) အဖြစ် ကြေညာခဲ့သည်။ ဤကြေညာချက်သည် ရောဂါဖြစ်ပွားမှုမှာ အလွန်ပြင်းထန်ပြီး နိုင်ငံတကာနယ်စပ်များအနှံ့ ပျံ့နှံ့နိုင်သည့် အန္တရာယ်ရှိနေသောကြောင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အရေးပေါ်လိုအပ်ကြောင်းကို ဆိုလိုပါသည်။
ဤရောဂါဖြစ်ပွားမှုသည် စိုးရိမ်ဖွယ်ဖြစ်ရသည့် အကြောင်းရင်းများမှာ
🔔 ရောဂါဖြစ်ပွားမှုများသည် မြို့ပြဒေသများအပါအဝင် နေရာအများအပြားသို့ ပျံ့နှံ့နေပါသည်။
🔔 ကျန်းမာရေးဝန်ထမ်းများလည်း ကူးစက်ခံနေရပါသည်။
🔔 ရောဂါဖြစ်ပွားမှု၏ အမှန်တကယ် ကူးစက်ခံပမာဏကို အတိအကျ မသိရှိရသေးပါ။
🔔 လက်ရှိတွင် BVD အတွက် သီးသန့် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ကုသမှုများ မရှိသေးပါ။
🔔 လူအုပ်စု ခရီးသွားလာမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများကြောင့် ရောဂါပျံ့နှံ့နိုင်ခြေ ပိုမိုမြင့်တက်နေပါသည်။
🔴 အီဘိုလာရောဂါ (Ebola Disease) ဆိုသည်မှာ
အီဘိုလာရောဂါသည် ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်သော ဗိုင်းရပ်စ်ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ကူးစက်ခံရသူများတွင် ပျမ်းမျှသေဆုံးနှုန်း (case fatality rate) ၅၀% ခန့်ရှိပါသည်။ ယခင် အီဘိုလာကပ်ရောဂါများတွင် သေဆုံးနှုန်းများမှာ ၂၅ % မှ ၉၀ % အထိ ရှိခဲ့ပါသည်။ အီဘိုလာဗိုင်းရပ်စ် အမျိုးအစားအမျိုးမျိုးကြောင့် ကူးစက်ကပ်ရောဂါ အကြီးစားများ ဖြစ်ပွားနိုင်ပြီး ၎င်းတို့တွင် Ebola Virus Disease (EVD)၊ Sudan Virus Disease (SVD) နှင့် Bundibugyo Virus Disease (BVD) တို့ ပါဝင်ပါသည်။ စောစီးစွာ ဆေးကုသမှုခံယူခြင်းနှင့် ရောဂါလက္ခဏာပေါ် မူတည်ပြီးကုသမှုများ ရရှိခြင်းအားဖြင့် အသက်ရှင်နိုင်ခြေကို မြှင့်တင်ပေးနိုင်ပါသည်။
🔴 အီဘိုလာရောဂါ မည်ကဲ့သို့ ကူးစက်သနည်း။
အသီးစားလင်းနို့များ (fruit bats) ကို အီဘိုလာဗိုင်းရပ်စ်၏ သဘာဝသိုလှောင်ရင်းမြစ် (natural reservoir) အဖြစ် ယုံကြည်ထားပါသည်။ လူတွင် ရောဂါကူးစက်မှုသည် ရောဂါပိုးရှိသော တိရစ္ဆာန်များ (လင်းနို့၊ ချင်ပန်ဇီ၊ ဂေါ်ရီလာ၊ မျောက် စသည်) နှင့် ထိတွေ့မှုမှ စတင်နိုင်ပါသည်။
လူမှ လူသို့ ကူးစက်မှုမှာ အီဘိုလာရောဂါရှိသူ သို့မဟုတ် အီဘိုလာကြောင့် သေဆုံးသူ၏ သွေး၊ ခန္ဓာကိုယ်အရည်များ နှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ ထိုသူတို့နှင့် ထိတွေ့ထားသော ပစ္စည်းများနှင့် မျက်နှာပြင်များမှတဆင့် ကူးစက်ခြင်းကြောင့် ဖြစ်ပွားနိုင်ပါသည်။ ကျန်းမာရေးဝန်ထမ်းများနှင့် သေဆုံးသူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့ရသော ဈာပနအခမ်းအနားများသည် ကူးစက်နိုင်ခြေ မြင့်မားသော အခြေအနေများဖြစ်ပါသည်။
🔴 ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ရောဂါပိုးနှင့် ထိတွေ့ပြီးနောက် ၂ ရက်မှ ၂၁ ရက် (၃ ပတ်) အတွင်း ပေါ်လာတတ်ပါသည်။
အစောပိုင်းလက္ခဏာများတွင် ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် လည်ချောင်းနာခြင်း အစရှိသည်တို့ ပါဝင်ပါသည်။ ထို့နောက် အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အရေပြားအဖုထွက်ခြင်းနှင့် ကျောက်ကပ်နှင့် အသည်း လုပ်ဆောင်မှုချို့ယွင်းသည့် လက္ခဏာများလည်း နောက်ဆက်တွဲ ဖြစ်လာနိုင်ပါသည်။ လူနာအချို့တွင် ကိုယ်တွင်း၊ ကိုယ်ပြင် သွေးယိုစီးမှုများလည်း ဖြစ်ပေါ်နိုင်ပါသည်။ ထို့အပြင် ပင်မအာရုံကြောစနစ် ထိခိုက်မှုကြောင့် စိတ်ရှုပ်ထွေးခြင်း၊ စိတ်တိုလွယ်ခြင်းနှင့် ရန်လိုတတ်ခြင်းများလည်း ဖြစ်စေနိုင်ပါသည်။
သံသယရှိသော လူနာနှင့် ထိတွေ့ပြီးနောက် အထက်ပါလက္ခဏာများ ပေါ်လာပါက ချက်ချင်း ဆေးကုသမှုခံယူပါ။
🔴 အီဘိုလာရောဂါကို မည်ကဲ့သို့ အတည်ပြုနိုင်ပါသနည်း။
အစောပိုင်းရောဂါလက္ခဏာများသည် ငှက်ဖျားရောဂါ၊ အခြားကူးစက်ရောဂါများနှင့် ဆင်တူနိုင်သောကြောင့် RT-PCR, ELISA, Antigen detection tests, Virus isolation by cell culture အစရှိသော ဓာတ်ခွဲခန်းစစ်ဆေးမှုများဖြင့်သာ အီဘိုလာရောဂါကို အတည်ပြုနိုင်ပါသည်။ စမ်းသပ်နမူနာများကို တင်းကျပ်သော ဇီဝလုံခြုံရေးစည်းမျဉ်းများ (biosafety procedures) ဖြင့် ကိုင်တွယ်ရန် လိုအပ်ပါသည်။
🔴 အီဘိုလာရောဂါကို မည်ကဲ့သို့ ကုသနိုင်သနည်း။
လက်ရှိတွင် Ebola Virus Disease (EVD) အတွက် အသုံးပြုရန် အတည်ပြုထားသော ဆေးဝါးအချို့ ရှိသော်လည်း Bundibugyo Ebola Disease (BVD) အတွက် သီးသန့်အတည်ပြုထားသော ကုသဆေး မရှိသေးပါ။ ရောဂါလက္ခဏာများ သက်သာစေရန် ထောက်ပံ့ကုသမှုများဖြစ်သည့် ရေဓာတ်ပြန်ဖြည့်ခြင်း၊ နာကျင်မှုသက်သာစေရန် ကုသမှု၊ အာဟာရထောက်ပံ့မှု နှင့် နောက်ဆက်တွဲဖြစ်ပွားသော အခြားရောဂါများကို ကုသခြင်းအားဖြင့် လူနာ၏ အသက်ရှင်နိုင်ခြေကို တိုးမြှင့်ပေးနိုင်ပါသည်။
🔴 ကာကွယ်ဆေးများ
လက်ရှိအသုံးပြုနိုင်သော ကာကွယ်ဆေးများဖြစ်သည့် Ervebo၊ Zabdeno နှင့် Mvabea တို့သည် အီဘိုလာဗိုင်းရပ်စ် အမျိုးအစားအချို့ကို ကာကွယ်ပေးနိုင်ပါသည်။ သို့သော် Bundibugyo Ebola Disease (BVD) အတွက် သီးသန့်ကာကွယ်ဆေးများမှာ စမ်းသပ်ထုတ်လုပ်နေသည့် အဆင့်တွင်သာ ရှိနေသေးပါသည်။
🔴 ရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း
ရောဂါကူးစက်နိုင်ခြေ လျှော့ချရန် အောက်ပါအချက်များကို လိုက်နာသင့်ပါသည်။
👉 ရောဂါပိုးရှိနိုင်သော တောရိုင်းတိရစ္ဆာန်များနှင့် မထိတွေ့ပါနှင့်။ အသားစိမ်းများကို မစားသုံးပါနှင့်။
👉 ရောဂါရှိသူများနှင့် ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များကို တိုက်ရိုက်မထိတွေ့ပါနှင့်။
👉 ရောဂါဖြစ်ပွားသူများကို သီးခြားခွဲထားပြီး (isolation)၊ ရောဂါနှင့်ထိတွေ့သူများကို အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း (quarantine) ပြုလုပ်ပါ။
👉 လူထုကို ရောဂါအကြောင်းနှင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မည့်နည်းလမ်းများအကြောင်း ပညာပေးပါ။
🔴 ကျန်းမာရေးစောင့်ရှောက်မှုနေရာများတွင် ကူးစက်မှုထိန်းချုပ်ခြင်း
ကျန်းမာရေးဝန်ထမ်းများသည် လူနာကို ကုသစောင့်ရှောက်ရာတွင် မည်သည့် ရောဂါအမျိုးအစား အတွက် ဖြစ်စေ စံပြု ကာကွယ်ရေးနည်းလမ်းများကို အမြဲလိုက်နာရပါမည်။ ၎င်းတို့တွင် လက်သန့်ရှင်းရေးစနစ်တကျ ပြုလုပ်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကာကွယ်မှုကို လိုက်နာခြင်း၊ တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းများ (Personal Protective Equipment – PPE) အသုံးပြုခြင်း၊ ဘေးကင်းသော ဆေးထိုးနည်းစနစ်များ၊ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိသော အလောင်းသင်္ဂြိုဟ်မှုနည်းလမ်းများ အစရှိသည်တို့ ပါဝင်ပါသည်။
သံသယရှိသော သို့မဟုတ် အတည်ပြုထားသော လူနာများကို ကုသရာတွင် ပို၍တင်းကျပ်သော ကာကွယ်ရေးနည်းလမ်းများကို အသုံးပြုရပါမည်။ ဓာတ်ခွဲခန်းဝန်ထမ်းများအနေဖြင့် အထူးဇီဝလုံခြုံရေးစနစ်များကို အသုံးပြုရပါမည်။
🔴 ရောဂါမှ ပြန်လည်ကောင်းမွန်လာသူများအတွက် စောင့်ရှောက်မှုနှင့် ထောက်ပံ့မှု
အီဘိုလာရောဂါမှ ပြန်လည်ကောင်းမွန်လာသူများသည် ဆေးဘက်ဆိုင်ရာ ဆက်လက်စောင့်ကြည့်မှုနှင့် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ လိုအပ်နိုင်ပါသည်။ ရောဂါပိုးသည် ပြန်လည်ကောင်းမွန်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့တွင် ဆက်လက်တည်ရှိနိုင်ပါသည်။ ရောဂါရှင်သန်ကျန်ရစ်သူ အမျိုးသားများအတွက် သုက်ရည်စစ်ဆေးမှုများ လိုအပ်နိုင်ပြီး ရောဂါကူးစက်မှုလျှော့ချရန် ပိုမိုဘေးကင်းသော လိင်ဆက်ဆံမှုနည်းလမ်းများကို လိုက်နာသင့်ပါသည်။ ဗိုင်းရပ်စ်သည် အချင်း (placenta)၊ သန္ဓေသားရည် (amniotic fluid)၊ သန္ဓေသား (fetus) နှင့် မိခင်နို့တွင် ဆက်လက်တည်ရှိနိုင်သောကြောင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက်လည်း ဆက်လက်စောင့်ကြည့်မှုများ လိုအပ်နိုင်ပါသည်။
🔵 Bundibugyo အီဘိုလာရောဂါ ကပ်အသွင်ဖြစ်ပွားမှုအတွက် တုံ့ပြန်ဆောင်ရွက်ရန် WHO ၏ အကြံပြုချက်များ
⭐ ရောဂါဖြစ်ပွားနေသော နိုင်ငံများအတွက်
အရေးပေါ်တုံ့ပြန်မှုစနစ်များ၊ ရောဂါစောင့်ကြည့်ရေးလုပ်ငန်းများ၊ ဓာတ်ခွဲခန်းစွမ်းဆောင်ရည်၊ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်မှုတို့ကို ပိုမိုအားကောင်းစေရန် ဆောင်ရွက်ရမည်။ ထို့အပြင် လူထုကို ရောဂါရှာဖွေခြင်း၊ ထိတွေ့သူများကို လိုက်လံစောင့်ကြည့်ခြင်း (contact tracing)၊ ကျန်းမာရေးပညာပေးခြင်း၊ လုံခြုံစိတ်ချရသော အလောင်းသင်္ဂြိုဟ်မှုနည်းလမ်းများတွင် ပါဝင်စေရန် ဆောင်ရွက်ထားရှိရမည်။ ကုသမှုနှင့် မရှိမဖြစ်လိုအပ်သော ဆေးပစ္စည်းများရရှိနိုင်ရေးကိုလည်း သေချာစေရမည်။
⭐ အိမ်နီးချင်းနိုင်ငံများအတွက်
ရောဂါစောင့်ကြည့်ရေးစနစ်များ၊ အရေးပေါ်တုံ့ပြန်မှုစနစ်များ၊ ဓာတ်ခွဲခန်းလုပ်ငန်းစဉ်များ အဆင်သင့်ဖြစ်မှု တို့ကို တိုးမြှင့်ကာ သံသယရှိသော သို့မဟုတ် အတည်ပြုထားသော ရောဂါဖြစ်ပွားမှုများကို ချက်ချင်းသတင်းပို့နိုင်ရေးဖြင့် ကြိုတင်ပြင်ဆင်မှုများကို အားကောင်းစေရမည်။
⭐ အခြားနိုင်ငံများအားလုံးအတွက်
မလိုအပ်သော နယ်စပ်ပိတ်ဆို့မှုများ သို့မဟုတ် ခရီးသွားကန့်သတ်ချက်များကို ရှောင်ကြဉ်သင့်ပြီး ပြည်သူများထံ တိကျမှန်ကန်သော သတင်းအချက်အလက်များ ပေးအပ်ရမည်။ ကြိုတင်ပြင်ဆင်မှုများကို ဆက်လက်ထိန်းသိမ်းထားရမည် ဖြစ်သော်လည်း ရောဂါဖြစ်ပွားနေသည့်ဒေသများအပြင် အခြားဒေသများတွင် ခရီးသွားဝင်ရောက်မှုများကို ပုံမှန်စစ်ဆေးခြင်း (routine entry screening) ကို အကြံပြုထားခြင်း မရှိပါ။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Reference: World Health Organization
#အီဘိုလာ