01/10/2026
Nobel prize in Physiology and Medicine 2023
02.10.2023
"COVID -19 အတွက် mRNA vaccine တွေ ထုတ်ပြီး ကာကွယ်ဆေးရဲ့ စွမ်းဆောင်ရည် မြှင့်တင်အောင် လုပ်ပေးတဲ့ Nucleoside Base Modifications ကို ဖော်ထုတ်နိုင်တဲ့အတွက်"
Drew Weissman
၁၉၅၇ ဖွား အဖေဂျူး၊ အမေ အီတာလျံက မွေးတဲ့ အမေရိကန်နိုင်ငံသား ဆရာဝန် တဖြစ်လည်း သိပ္ပံပညာရှင်ပေါ့။ RNA biology ကို သုတေသန လုပ်နေသူ ပါမောက္ခတဦးဖြစ်ပါတယ်။ ဘော့စတွန် တက္ကသိုလ်က ဆေးပညာဘွဲ့ MD ရော PhD ပါရထားသူဖြစ်ပါတယ်။
အခုလက်ရှိ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်က Perelman School of Medicine မှာ ပါမောက္ခ ဖြစ်သလို Penn Institute မှာ RNA innovation အတွက် ဒါရိုက်တာ လည်း ဖြစ်ပါတယ်။ သူက ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်က သုတေသနပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒေသတွင်း ဝင်ငွေနည်းနိုင်ငံတွေအတွက် ရည်ရွယ်ပြီး mRNA နည်းပညာ ကိုဗစ်ကာကွယ်ဆေး ထုတ်နိုင်အောင် နည်းပညာ ပံ့ပိုးပေးပါသေးတယ်။
Karikó Katalin
သူမကတော့ ၁၉၅၅ ခုနှစ် ဟန်ဂေရီဖွား ဟန်ဂေရီ အမေရိကန် နိုင်ငံသား ဇီဝဓာတုဗေဒ ပညာရှင် ဖြစ်ပါတယ်။ သူကလည်း ခုခံအားဗေဒမှာ mRNA နည်းပညာ အသုံးချရေး သုတေသန အထူးပြုလုပ်နေသူဖြစ်ပါတယ်။ သူမကတော့ ဟန်ဂေရီ University of Szeged ကမှာ PhD ရတဲ့အထိ ပညာသင်ခဲ့ပြီး PostDoc ကို ဟန်ဂေရီက Institute of Biochemistry, Biological Research Centre မှာပဲ လုပ်ခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ၁၉၇၈ ကနေ ၈၅ အထိ သူမဟာ ဟန်ဂေရီလျှို့ဝှက်ရဲတပ်ဖွဲ့ရဲ့ အေးဂျင့်အဖြစ် စာရင်းဖော်ပြခံရပြီး သူမရဲ့ သုတေသနအလုပ်ကိုင် ခြိမ်းခြောက်ခံရမှာ ကြောက်တာကြောင့် ၁၉၈၅ မှာ အမေရိကကို ကားရောင်းရငွေ ပေါင် ၉၀၀ နဲ့ ထွက်လာခဲ့ကြတယ်ဆိုပါတယ်။ (Edited : ကွန်မြူနစ်ခေတ်မှာ သူ့လိုပဲ လူတော်တော်များများကို state security services က လျှို့ဝှက် သတင်းပေး အဖြစ်ခန့်အပ်ပါတယ်။ ဒါပေမယ့် သူမကတော့ ဘာသတင်းမှ ပေးခဲ့တာမရှိသလို ဘယ်သူ့ကိုမှလည်း ဒုက္ခရောက်စေတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။)
Drew Weissman နဲ့ မိတ္တူဆိုင်မှာ RNA သုတေသနအတွက် funding နည်းကြောင်း ငြီးတွား စကားစပ်မိကြရင်း လက်တွဲလုပ်ခဲ့ရာက ၂၀၀၆ မှာ RNARx ဆိုတဲ့ ကုမ္ပဏီ ပေါင်းထောင်ခဲ့ကြပါတယ်။ ၂၀၁၃ ကျတော့ BioNTech RNA Pharmaceuticals မှာ ဒုဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ မှာ ရာထူးတိုးပြီး အကြီးတန်းဥက္ကဌ ဖြစ်လာခဲ့ပါတယ်။ သူမကလည်း University of Pennsylvania မှာ ပါမောက္ခတဦးလည်း ဖြစ်ပါတယ်။ နောက်ပိုင်းတော့ သူ့မိခင်တက္ကသိုလ် University of Szeged မှာလည်း ပါမောက္ခဖြစ်လာပါတယ်။
RNA ကို ကာကွယ်ဆေးအဖြစ်သုံးဖို့ကြိုးပမ်းရာမှာ မလိုလားအပ်တဲ့ ခုခံအားတုန့်ပြန်မှုတွေ ဖြစ်စေတာ၊ ဘေးထွက်ဆိုးကျိုးအနေနဲ့ ရောင်ရမ်းမှုတွေ ဖြစ်စေတာမျိုးပေါ့။ သူတို့အဓိက ရှာဖွေဖော်ထုတ်နိုင်ခဲ့တာက အဲ့ဒါတွေကို မဖြစ်ပေါ်အောင် RNA ကို Nucleoside Base Modifications ဆိုတဲ့ အဆင့်မြှင့်တင် ပြုပြင်တာတွေ လုပ်ခဲ့ကြတယ်။ သူတို့ ဒီနည်းစနစ်ကို ဖော်ထုတ်နိုင်လို့ RNA လို ခန္ဓာကိုယ်တွင်း ပျက်စီးလွယ်တဲ့ အရာ၊ မလိုလားအပ်တဲ့ ခုခံအားတုန့်ပြန်မှု၊ ရောင်ရမ်းမှုတို့ကို ဖြစ်စေနိုင်တဲ့ အရာ ကနေ ကျော်လွှားနိုင်ပြီး ကာကွယ်ဆေး အဖြစ်အသုံးချနိုင်ခဲ့ကြတာပေါ့။ သူတို့ ဒီလိူလူပ်နိူင်လို့ ဒီနေ့ ကိုဗစ်ကာကွယ်ဆေး အမြန်ထုတ်နိုင်တာပေါ့။ အနာဂတ်မှာ ဒီအချက်ကိုပဲ အသုံးချပြီး ကင်ဆာကာကွယ်၊ ကုသဆေးတွေ လုပ်နိုင်လာဖို့ရှိတာပေါ့။
၂၀၀၅ သူတို့ရဲ့ modified RNA စာတမ်းက ၂၀၂၀ ကိုဗစ်မဖြစ်ခင်အထိ လူတွေသိပ်သတိမထားမိကြပါဘူးတဲ့။ ကိုဗစ်ဖြစ်ပြီး mRNA vaccine အရေးပေါ်ထုတ်မယ်ဆိုမှ အများစုက ပိုသတိထားမိလာကြတယ်ဆိုပါတယ်။
သူတို့ရဲ့ ဒီ modified RNA နည်းကို လိုင်စင်ယူပြီး Pfizer/BioNTech နဲ့ Moderna တို့က ကိုဗစ် ကာကွယ်ဆေး အမြန်ထုတ်နိုင်လို့ လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာဆိုလည်း မမှားပါဘူး။
ဒါကြောင့်ပဲ သူတို့ ၂ ဦးကို ၂၀၂၂ မှာ Breakthrough Prize ချီးမြှင့်ခဲ့ပြီး အခု ၂၀၂၃ မှာ ဇီဝကမ္မဗေဒ (သို့မဟုတ်) ဆေးပညာ နိုဗယ်လ်ဆု ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။ တခြား နာမည်ကြီး ဆုတံဆိပ်များစွာလည်း ချီးမြှင့်ခံထားရပါသေးတယ်။
Photo courtesy Nobel Prize page