PharmaPulse

Contact the business

PharmaPulse medicinal knowledge

✨✨
16/10/2026

✨✨

🤷‍♀️ ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်သင့်ရဲ့လား?
🧏‍♀️ ဝမ်းပိတ်ဆေးဆိုတာ ဘယ်အချိန်မှာသုံးရတာလဲ?
🙋🏻‍♀️ ဝမ်းပိတ်ဆေး အမျိုးအစားတွေကရော ဘာတွေလဲ?
အစားမှားလို့ပဲဖြစ်ဖြစ်၊ ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် ဝမ်းပျက်ဝမ်းလျှောဖြစ်လာပြီဆိုရင် "ဝမ်းပိတ်ဆေး မြန်မြန်သောက်လိုက်မှ ဖြစ်မယ်" ဆိုပြီး ဆေးဆိုင်မှာ အလွယ်တကူ ဝယ်သောက်လေ့ ရှိကြပါတယ်။ ဒါပေမယ့် ဒါဟာ အမြဲတမ်း ဘေးကင်းတဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဆေးဝါးပညာရှင်တစ်ယောက်အနေနဲ့ ဝမ်းပိတ်ဆေးတွေအကြောင်း သေချာရှင်းပြပေးချင်ပါတယ်။
🛑 ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်သင့်ရဲ့လား?
လုံးဝ မသောက်သင့်ပါဘူး။
တကယ်လို့ ဝမ်းလျှောရတဲ့အကြောင်းရင်းဟာ ဘက်တီးရီးယားပိုးဝင်လို့ (သို့မဟုတ်) အစာဆိပ်သင့်လို့ ဖြစ်ခဲ့ရင် ခန္ဓာကိုယ်က အဆိုပါ အဆိပ်အတောက်တွေနဲ့ ပိုးမွှားတွေကို အပြင်ထုတ်ဖို့အတွက် ဝမ်းအဖြစ် သွားနေရတာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ ဝမ်းပိတ်ဆေးသောက်ပြီး အတင်းပိတ်လိုက်မယ်ဆိုရင် ပိုးမွှားတွေနဲ့ အဆိပ်အတောက်တွေဟာ အပြင်မထွက်နိုင်ဘဲ အူလမ်းကြောင်းထဲမှာပဲ ဆက်ရှိနေပြီး ခန္ဓာကိုယ်အနှံ့ ပိုးဝင်ရောက်မှု ပြင်းထန်ခြင်း (Systemic Toxicity) ဖြစ်ကာ အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။
🧏‍♀️ ဝမ်းပိတ်ဆေးကို ဘယ်အချိန်မှာ သုံးရတာလဲ?
ဝမ်းပျက်ဝမ်းလျှောပျောက်ဆေး သို့မဟုတ် ဝမ်းပိတ်ဆေးတွေကို အောက်ပါအခြေအနေတွေမှာသာ ဘေးကင်းစွာ အသုံးပြုနိုင်ပါတယ် -
အန္တရာယ်မရှိသော၊ ရုတ်တရက်ဖြစ်ပွားသည့် သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါများ။
အူလမ်းကြောင်း ဂနာမငြိမ်ဖြစ်ပြီး ရောင်ရမ်းသည့်ရောဂါ (IBS) ကဲ့သို့သော အခြေအနေများကြောင့် ဖြစ်ပွားသည့် နာတာရှည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ထိန်းချုပ်ရန်။
⚠️ ဘယ်လိုအခြေအနေမျိုးမှာ ဝမ်းပိတ်ဆေး လုံးဝ (လုံးဝ) မသုံးရဘူးလဲ?
အဖျားကြီးနေခြင်း။
ဝမ်းထဲတွင် သွေး (သို့မဟုတ်) ပြည် ပါနေခြင်း။
ဘက်တီးရီးယားပိုး (သို့မဟုတ်) ကပ်ပါးပိုး ပြင်းထန်စွာ ဝင်ရောက်နေခြင်း။
အူလမ်းကြောင်း ရောင်ရမ်းနာ (Ulcerative Colitis) ရှိသူများ။
ရေဓာတ်ပြင်းထန်စွာ ခန်းခြောက်နေချိန်နှင့် ဓာတ်မတည့်မှု ဖြစ်နေချိန်။
🙋🏻‍♀️ ဝမ်းပိတ်ဆေး (ဝမ်းပျက်ပျောက်ဆေး) အမျိုးအစားတွေက ဘာတွေလဲ?
ဆေးဝါးတွေရဲ့ လုပ်ဆောင်ပုံအပေါ် မူတည်ပြီး အုပ်စုများစွာ ကွဲပြားပါတယ် -
၁။ အူလှုပ်ရှားမှုကို လျှော့ချပေးသောဆေးများ (Antimotility/Opioid Receptor Agonists):
အူလမ်းကြောင်း လှုပ်ရှားမှုကို နှေးကွေးစေပြီး ဝမ်းသွားသည့်အကြိမ်ရေကို လျှော့ချပေးပါတယ်။
ဥပမာ - Loperamide (Imodium), Diphenoxylate, Difenoxin, Codeine။
၂။ အရည်ထွက်မှုကို လျှော့ချပေးသောဆေးများ (Antisecretory Agents):
အူလမ်းကြောင်းထဲသို့ ရေနှင့် ဓာတ်ဆားများ စီးဆင်းမှုကို လျှော့ချပေးပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။
ဥပမာ - Bismuth Subsalicylate, Racecadotril။
၃။ အဆိပ်အတောက်များကို စုပ်ယူပေးသောဆေးများ (Adsorbents):
ဝမ်းပျက်စေတဲ့ ဘက်တီးရီးယားနဲ့ အဆိပ်အတောက်တွေကို စုပ်ယူပေးပြီး ဝမ်းကို အပျစ်အဖြစ် ပုံမှန်ပြန်ဖြစ်စေပါတယ်။
ဥပမာ - Kaolin, Activated Charcoal။
၄။ အကျိုးပြု ဘက်တီးရီးယားများ (Probiotics):
အူလမ်းကြောင်းထဲက ဆုံးရှုံးသွားတဲ့ အကျိုးပြုပိုးမွှားတွေကို ပြန်လည်ဖြည့်တင်းပေးပြီး ပိုးဝင်မှုကို နှိမ်နင်းပေးပါတယ်။
ဥပမာ - Lactobacillus, Bifidobacterium။
🤢 ဝမ်းပျက်ဝမ်းလျှော ပျောက်ဆေးများကြောင့် ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုးများ
ဒီဆေးတွေကြောင့် ဝမ်းချုပ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်းနှင့် ပျို့အန်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဆေးသောက်နေစဉ် ဝမ်းလျှောခြင်း ပိုဆိုးလာပါက ဆေးသောက်ခြင်းကို ချက်ချင်းရပ်ဆိုင်းရပါမယ်။
💡 ဆေးဝါးပညာရှင်၏ အကြံပြုချက်
၁။ ရေဓာတ်ဖြည့်တင်းခြင်းက အဓိကပါ: ဝမ်းလျှောလျှင် ဆေးသောက်ဖို့ထက် ချွေးနဲ့ဝမ်းကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ဖို့ ဓာတ်ဆားရည် (ORS)၊ သန့်ရှင်းသော သောက်သုံးရေ၊ အုန်းစိမ်းရည်တို့ကို အရင်ဆုံး မပြတ်သောက်ပေးရပါမယ်။
၂။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ: ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ အစားမစားခင်နှင့် အပေါ့အပါးသွားပြီးတိုင်း လက်ကို စနစ်တကျ ဆေးပါ။
၃။ ဆေးဝါးကို စနစ်တကျသုံးပါ: ဝမ်းပျက်ပျောက်ဆေးများကို မိမိသဘောဖြင့် မသောက်ပါနှင့်။ အရင်းခံရောဂါလက္ခဏာများကို ဖုံးကွယ်ထားနိုင်ခြင်း သို့မဟုတ် ပိုးဝင်ရောက်မှုကို ပိုမိုဆိုးရွားစေနိုင်ခြင်းတို့ကြောင့် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်များနှင့်သာ အမြဲတိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးပါ။
ကျန်းမာအေးချမ်းကြပါစေ။ 💙
(Wendi Lei - Pharmacist)
#မြန်မာနိုင်ငံဆေးဝါးပညာရှင်များအသင်း

👩🏻‍⚕️ မဂ္ဂနီစီယမ် (Magnesium) သည် အရိုးများ၊ ကြွက်သားများ နှင့် အာရုံကြောစနစ်တို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် ကူညီပေ...
17/09/2026

👩🏻‍⚕️ မဂ္ဂနီစီယမ် (Magnesium) သည် အရိုးများ၊ ကြွက်သားများ နှင့် အာရုံကြောစနစ်တို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် ကူညီပေးသည့် အရေးကြီးသော သတ္တုဓာတ်တစ်ခု ဖြစ်ပါတယ်။

👩🏻‍⚕️ ထို့အပြင် Magnesium သည် နှလုံးခုန်နှုန်းကို ထိန်းညှိပေးခြင်း၊ သွေးဖိအားကို ထိန်းချုပ်ပေးခြင်းနှင့် နှလုံးကြွက်သားဆဲလ်များ မှန်ကန်စွာ ကျုံ့နိုင်၊ ဆန့်နိုင်စေရန် ကူညီပေးခြင်းတို့အတွက် အရေးပါသော သတ္တုဓာတ်တစ်ခုလည်း ဖြစ်ပါတယ်။

👩🏻‍⚕️ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ပဲမျိုးစုံ၊ အခွံမာသီးများ၊ အစေ့အဆန်များ စသည့် အစားအစာများကို ထည့်သွင်းစားသုံးခြင်းဖြင့် နေ့စဉ် လိုအပ်သော Magnesium ပမာဏအများစုကို ရရှိနိုင်ပါတယ်။

👩🏻‍⚕️ Magnesium ကို OTC ဆေးဝါးအဖြစ် ရင်ပူခြင်းနှင့် အစာအိမ် အက်ဆစ်ပြန်တက်ပြီး အစာမကြေခြင်းတို့အတွက် သုံးသော အချို့ ဆေးဝါးများတွင် တွေ့ရှိရသည့်အပြင် အချို့သော ဝမ်းနှုတ်ဆေးများတွင်လည်း အဓိက ပါဝင်ပစ္စည်း တစ်ခု အဖြစ် တွေ့ရလေ့ရှိပါတယ်။

✨ Magnesium ဖြည့်စွက်စာများကို ဆေးတောင့် (capsules) နှင့် ဆေးအမှုန့် (powders) ပုံစံတို့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

✨ Magnesium ကို magnesium glycinate , magnesium citrate, magnesium oxide, magnesium chloride, magnesium malate, magnesium hydroxide, magnesium sulfate စသည်ဖြင့် အမျိုးမျိုးသော ဆေးဝါးပုံစံ များကို တွေ့ရှိရပါတယ်။

☑️ ဆေးဝါး တစ်ခုစီ ၏ အသုံးပြုပုံများမှာတော့

👉 Magnesium Glycinate

အိပ်စက်မှု အရည်အသွေးကို ကောင်းမွန်စေခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်းနှင့် ရာသီလာစဉ် ဗိုက်အောင့်ခြင်းကို သက်သာစေနိုင်ပါတယ်။

👉 Magnesium Citrate

ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဝမ်းမှန်စေရန် ကူညီပေးပါတယ်။

👉 Magnesium Malate

စွမ်းအင် ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး မောပန်းနွမ်းနယ်သည့် လက္ခဏာများကို သက်သာစေပါတယ်။

👉 Magnesium Oxide, Magnesium Hydroxide

ရင်ပူခြင်းနှင့် အစာအိမ် အက်ဆစ်ဓာတ်ကို ပြယ်စေသည့် အက်ဆစ်ပြယ်ဆေး (antacid) အဖြစ် တွေ့ရသလို ရံဖန်ရံခါ ဖြစ်တတ်သော ဝမ်းချုပ်ခြင်းကို သက်သာစေသည့် ဝမ်းပျော့/ဝမ်းနှုတ်ဆေး (osmotic laxative) အဖြစ်လည်း အသုံးပြုပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကာကွယ်ပေးနိုင်ရုံမျှမက ခန္ဓာကိုယ်အတွင်း Magnesium နည်းပါးမှုကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။

👉 Magnesium Chloride

ကြွက်သားများ ပြေလျော့စေရန် သောက်ဆေး သို့မဟုတ် အရေပြားပေါ် လိမ်းဆေးအဖြစ် အသုံးပြုပါတယ်။

👉 Magnesium Sulfate

Epsom salt (ဆားခါး) အဖြစ် အသိများကြပါတယ်။ ကြွက်သား နာကျင်ကိုက်ခဲမှုအတွက် အပြင်ဘက်မှ လိမ်းရန်၊ စိမ်ရန် အသုံးပြုပြီး နေ့စဉ် ပုံမှန် သောက်သုံးသည့် ဖြည့်စွက်စာအဖြစ် မသင့်တော်ပါ။

📌 သွေးကြောထဲ ထိုးဆေး (Magnesium IV infusion) ကိုတော့ ဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန်များမှ သွေးတွင်း Magnesium နည်းပါးခြင်းကို ပြန်ဖြည့်ရန် နှင့် ကိုယ်ဝန်ဆောင်ချိန် တက်ခြင်း (Eclampsia/Pre-eclampsia) ကို ထိန်းချုပ်ရန် ဆေးဝါးကုသမှုအဖြစ် အသုံးပြုကြပါတယ်။

🔹 Magnesium ချို့တဲ့သူများတွင် အစားအသောက်ပျက်ခြင်း၊ အော့အန်ချင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အော့အန်ခြင်း၊ ခြေ လက် ထုံကျဉ်ခြင်း၊ ကြွက်သား တောင့်တင်းခြင်း၊ ကြွက်တက်ခြင်း၊ တက်ခြင်း၊ ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းဖြစ်ခြင်း၊ နှလုံးသွေးကြော ကျုံ့ခြင်းနှင့် အခြားသော လက္ခဏာများကို ခံစားရနိုင်ပါတယ်။

🔹 ပြင်းထန်သော အခြေအနေများတွင် Magnesium ချို့တဲ့မှုသည် သွေးတွင်း calcium နည်းပါးခြင်း (hypocalcemia) သို့မဟုတ် သွေးတွင်း potassium နည်းပါးခြင်း (hypokalemia) များကို ဖြစ်ပေါ်စေနိုင်ပါတယ်။

🔸 အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ အရက်စွဲနေသူများနှင့် အသက်အရွယ်ကြီးရင့်သူများတွင် Magnesium ချို့တဲ့ခြင်းများ တွေ့ရပါတယ်။

▪️ယေဘုယျအားဖြင့် လူတစ်ဦး၏ အာဟာရဓာတ် လိုအပ်ချက်များကို အာဟာရ ဖြည့်စွက်ထားသော အစားအစာများ အပါအဝင် နေ့စဉ် စားသုံးသည့် အစားအသောက်များမှသာ အဓိက ရယူသင့်ပါတယ်။

🔺သီးသန့် အာဟာရဓာတ် လိုအပ်ချက်များကို အစားအသောက် တစ်မျိုးတည်းမှ လုံလောက်စွာ မရရှိနိုင်သည့် အခြေအနေများတွင် သက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်၍ လိုအပ်သော အာဟာရ ဖြည့်စွက်စာများကို သောက်သုံးသင့်ပါတယ်။

🔺🔺ကျောက်ကပ်ရောဂါအခံရှိသူများ အနေဖြင့် Magnesium ဖြည့်စွက်စာများကို ဆရာဝန် ညွှန်ကြားချက်မပါဘဲ သောက်သုံးခြင်း မပြုရပါ။

👩🏻‍⚕️ Magnesium Oxide နှင့် Citrate တို့သည် ဝမ်းပျော့စေတတ်သဖြင့် မနက်ပိုင်းသောက်တာမျိုး၊ အစာနှင့်တွဲသောက်တာမျိုးက အစာအိမ်ထိခိုက်မှုကို နည်းပါးစေနိုင်ပါတယ်။

👩🏻‍⚕️ Magnesium Glycinate ကိုတော့ ညဘက်အိပ်ရာမဝင်မီ သောက်သုံးပါက အိပ်စက်ခြင်းကို ပိုမိုကူညီပေးကြောင်း တွေ့ရပါတယ်။

👩🏻‍⚕️ Magnesium ကို လိုတာထက် အလွန်အကျွံသောက်မိပါက ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ပျို့အန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

👩🏻‍⚕️ လူကြီးတစ်ဦးလျှင် ယေဘုယျအားဖြင့် အမျိုးသားဆိုလျှင် Magnesium ပမာဏ တစ်နေ့လျှင် 400mg - 420mg လိုအပ်ပြီး အမျိုးသမီးတစ်ဦးလျှင် 310mg - 320 mg လိုအပ်ပါတယ်ရှင်။

အားလုံးပဲ ကျန်းမာကြပါစေရှင်🙌

👩‍💻💊🫶
👩🏻‍⚕️
📖

*copyကူးယူခွင့်မပြုပါရှင်။ မျှဝေနိုင်ပါတယ်*

17/09/2026

သံဓာတ်အားဆေးအကြောင်း knowledge sharing လေးပါရှင့် 👩🏻‍⚕️✨

💁‍♀️ ကယ်လ်စီယမ်သည် အရိုးနှင့် သွားကျန်းမာရေးအတွက် အရေးအပါဆုံး အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။💁‍♀️ သုတေသနလေ့လာမှုများအရ ကယ်လ...
14/09/2026

💁‍♀️ ကယ်လ်စီယမ်သည် အရိုးနှင့် သွားကျန်းမာရေးအတွက် အရေးအပါဆုံး အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။

💁‍♀️ သုတေသနလေ့လာမှုများအရ ကယ်လ်စီယမ်သည် ဗီတာမင်ဒီနှင့်အတူ အရိုးကျန်းမာရေးအပြင် နှလုံး၊ ကြွက်သားများနှင့် အာရုံကြောများ ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက်လည်း မဖြစ်မနေ လိုအပ်ပါတယ်။

💁‍♀️ အထူးသဖြင့် အမျိုးသမီးများတွင် သွေးဆုံးပြီးနောက် အရိုးကျိုးနိုင်ခြေ ပိုများလာနိုင်သောကြောင့် အရိုးကြံ့ခိုင်မှုကို မြှင့်တင်ရန်အတွက် ကယ်လ်စီယမ် ဖြည့်စွက်ဆေးများကို သောက်သုံးကြရပါတယ်။

💁‍♀️ အဆစ်အမြစ်ရောင်ရမ်းနာ (rheumatoid arthritis) ရောဂါဝေဒနာ ခံစားနေရသူများတွင်လည်း စတီးရွိုက်ဆေးများ သောက်သုံးကြရသောကြောင့် ရေရှည်တွင် အရိုးပါးခြင်း၊ အရိုးပွခြင်း မဖြစ်အောင် ကယ်လ်စီယမ် နှင့် ဗီတာမင်ဒီ ဖြည့်စွက်ဆေးများကို ပုံမှန်သောက်သုံးကြရပါတယ်။

💁‍♀️ ပုံမှန်အားဖြင့် အစားအသောက်များမှတစ်ဆင့် ကယ်လ်စီယမ်ကို လုံလောက်စွာ ရရှိကြပါတယ်။ လုံလောက်စွာမရရှိကြသူများမှာတော့ ကယ်လ်စီယမ် ဖြည့်စွက်ဆေးများကို သောက်သုံးရန် လိုအပ်ပါတယ်။

🙅‍♀️ ကယ်လ်စီယမ် ဖြည့်စွက်ဆေးများသည် လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။

✨ ကယ်လ်စီယမ် များလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်းက ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။

👩🏻‍⚕️ ဒီဆောင်းပါးမှာတော့ နေ့စဉ်ကယ်လ်စီယမ် လိုအပ်ချက်များ၊ ကယ်လ်စီယမ် ဖြည့်စွက်ဆေး အမျိုးအစားများ၊ ကယ်လ်စီယမ်၏ အာဟာရဆိုင်ရာ ထည့်သွင်းစဉ်းစားရမည့် အချက်များနှင့် ကယ်လ်စီယမ် စားသုံးမှု များလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို အကျဉ်းချုပ် ပြောပြပေးထားပါတယ်။

👩🏻‍⚕️ ကယ်လ်စီယမ် ဖြည့်စွက်ဆေးများကို တွေ့ရသော အဓိကပုံစံနှစ်မျိုးမှာ calcium carbonate နှင့် calcium citrate တို့ ဖြစ်ပါတယ်။

👩🏻‍⚕️ Calcium carbonate ကတော့ လက်တွေ့မှာ အသုံးအဝင်ဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ calcium ပါဝင်မှုပမာဏ အများဆုံး ဖြစ်ကာ brand အမျိုးမျိုးဖြင့်ရရှိနိုင်ပြီး စျေးနှုန်းအရလဲ သက်သာပါတယ်။ ဆေးအာနိသင်ကောင်းစွာရရှိရန် အတွက် ဆေးကို အစားအစာနှင့်အတူ တွဲသောက်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ တချို့သောလူတွေမှာတော့ side effects အနေဖြင့် ဝမ်းချုပ်ခြင်း၊ လေပွခြင်းသို့မဟုတ် ဗိုက်အောင့်ခြင်းကဲ့သို့သော အသေးစားလက္ခဏာများကို ခံစားရတတ်ပါတယ်။

👩🏻‍⚕️ Calcium citrate ဖြည့်စွက်ဆေးများကတော့ calcium carbonate ထက် ပိုအားသာတဲ့အချက်ကတော့ အစာမရှိလဲ သောက်နိုင်ပါတယ်။ အစာအိမ် အက်ဆစ်နည်းပါးသူများ (သို့မဟုတ်) အက်ဆစ်လျှော့ဆေး (Antacids/PPIs) သောက်နေရသူများအတွက် အစာမပါဘဲ သောက်သော်လည်း ဆေးဝါးအာနိသင် စုပ်ယူမှု ကျဆင်းခြင်း မရှိပါဘူး။

👩🏻‍⚕️ ခန္ဓာကိုယ်က ကယ်လ်စီယမ်ကို ကောင်းစွာ စုပ်ယူနိုင်ရန် အတွက် ဗီတာမင်ဒီကိုလည်း လုံလောက်စွာ ရရှိနေစေရန် လိုအပ်ပါတယ်။

👩🏻‍⚕️ ဗီတာမင်ဒီကို နေရောင်ခြည်၊ အစားအသောက် သို့မဟုတ် ဗီတာမင်စုံဆေးများမှတစ်ဆင့် လုံလောက်စွာ ရရှိနိုင်ပါတယ်။ ထိုသို့ မရရှိပါက ဗီတာမင်ဒီ ပါဝင်သော ကယ်လ်စီယမ် ဖြည့်စွက်ဆေးများကို ရွေးချယ်သင့်ပါတယ်။

👩🏻‍⚕️ အချို့သော ကယ်လ်စီယမ် ဖြည့်စွက်ဆေးများကို ဗီတာမင်ဒီ (သို့မဟုတ်) မက်ဂနီဆီယမ်တို့နှင့် ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။ ထို့ကြောင့် ကယ်လ်စီယမ် မည်သည့်ပုံစံနှင့် မည်မျှပမာဏ ပါရှိသည်ကို သိရှိနိုင်ရန် ဖြည့်စွက်ဆေးပါဝင်ပစ္စည်းများကို ဖတ်ရှုခြင်းဖြင့် သိရှိနိုင်ပါတယ်။

👩🏻‍⚕️ လူတစ်ဦးခြင်းစီ၏ ကယ်လ်စီယမ်ပမာဏ နေ့စဉ်လိုအပ်ချက်သည် တစ်ဦးခြင်းစီ၏ အသက်နှင့် ကျား၊ မ အပေါ် မူတည်ပါတယ်။

🧏‍♀️ ခန္ဓာကိုယ်၏ အရိုးထုထည်သည် အသက် ၁၈ နှစ်နှင့် ၂၅ နှစ်ကြားတွင် အမြင့်ဆုံးသို့ရောက်ရှိပြီး အဲ့နောက်ပိုင်းမှာတော့ တဖြည်းဖြည်း လျော့ကျသွားပါတယ်။

👩🏻‍⚕️ အရွယ်ရောက်ပြီး အမျိုးသားများအတွက် အကြံပြုထားသော နေ့စဉ် ကယ်လ်စီယမ်စားသုံးမှု ပမာဏများမှာ အသက် ၁၉ နှစ်မှ ၇၀ နှစ်အထိ ၁,၀၀၀ မီလီဂရမ်နှင့် အသက် ၇၁ နှစ်နှင့်အထက် ၁,၂၀၀ မီလီဂရမ် တို့ ဖြစ်ပါတယ်။

👩🏻‍⚕️ အသက် ၁၉ နှစ်မှ ၅၀ နှစ်ကြား အမျိုးသမီးများအတွက် လိုအပ်သော ကယ်လ်စီယမ် ပမာဏမှာ ၁,၀၀၀ မီလီဂရမ်ဖြစ်ပြီး၊ အသက် ၅၁ နှစ်နှင့်အထက် အမျိုးသမီးများကတော့ ၁,၂၀၀ မီလီဂရမ် အထိ လိုအပ်ပါတယ်။

👩🏻‍⚕️ ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်က ညွှန်ကြားခြင်းမရှိပါက ဖြည့်စွက်ဆေး (Supplement) သက်သက်ဖြင့် တစ်နေ့လျှင် ၁,၂၀၀ မီလီဂရမ်ထက် ပိုမိုမသောက်သင့်ဘဲ၊ အစားအသောက်နှင့် ဖြည့်စွက်ဆေးအားလုံးမှ စုစုပေါင်းပမာဏသည်လည်း တစ်နေ့လျှင် ၂,၀၀၀ မှ ၂,၅၀၀ မီလီဂရမ်ထက် မကျော်လွန်သင့်ပါဘူး။

✨ ပမာဏအများအပြား ကျော်လွန်သောက်သုံးခြင်းက ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေကို ပိုမိုများပြားစေနိုင်ပါတယ်။

✨ ဒါ့အပြင် တစ်ကြိမ်လျှင် ၅၀၀ မီလီဂရမ်ထက် ကျော်လွန်သောက်သုံးပါက ကယ်လ်စီယမ် စုပ်ယူနိုင်စွမ်းကိုလည်း သိသိသာသာ ကျဆင်းသွားသောကြောင့် အကောင်းဆုံး ဆေးဝါးစုပ်ယူမှုရရှိရန်အတွက် ဆေးပမာဏကို တစ်ကြိမ်ထဲအများကြီး သောက်သုံးခြင်းထက် ခွဲ၍သောက်သုံးဖို့ရာ အလွန်အရေးကြီးပါတယ်။

👉 သံဓာတ် ဖြည့်စွက်ဆေးများ၊ tetracycline နှင့် ciprofloxacin၊ levofloxacin ကဲ့သို့သော ပဋိဇီဝဆေးများ၊ Bisphosphonate(အရိုးပွရောဂါကုသဆေးများ) ၊ levothyroxine(လည်ပင်း hormone ဆေးများ) နှင့် calcium ကို တွဲဖက်သောက်သုံးပါက ဆေးဝါးအာနိသင်ရရှိမှု ကျဆင်းနိုင်သောကြောင့် အချိန်ခြား၍ သောက်သုံးသင့်ပါတယ်။

👉 ကယ်လ်စီယမ် ဖြည့်စွက်ဆေးများကို ဝါးစားနိုင်သော ဆေးပြားများ၊ ဆေးတောင့်များ၊ ဆေးရည်များနှင့် ရေဆူဆေးပြားများ စသည့် ဆေးဝါးပုံစံ အမျိုးမျိုးဖြင့် ရရှိနိုင်ပါတယ်။

👉 ကယ်လ်စီယမ်ပမာဏ နည်းပါးခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများမှာတော့ ကလေးများတွင် ကယ်လ်စီယမ် နည်းပါးပါက အရိုးပျော့ခြင်း၊ အရွယ်ရောက်လာသည့်အခါ ရောက်ရှိသင့်သည့် အမြင့်ဆုံး အရပ်အမောင်းအထိ မရောက်ရှိနိုင်ကြဘဲ ဖြစ်ကြပြီး အရွယ်ရောက်ပြီးသူများမှာတော့ အရိုးပွရောဂါနှင့် တင်ပါးဆုံရိုးကျိုးခြင်းတို့ကို ဖြစ်စေနိုင်သော အရိုးထုထည် နည်းပါးခြင်း၊ ခြေလက် ထုံကျဉ်ခြင်းစသည်တို့ကို ဖြစ်ပွါးစေနိုင်ပါတယ်။

👉 သွေးတွင်း ကယ်လ်စီယမ် ပုံမှန်မဟုတ်ဘဲ မြင့်မားနေခြင်းသည်လည်း ကျန်းမာရေးပြဿနာများကို ဖြစ်ပွားစေနိုင်ပြီး ဆေးကုသမှု ခံယူရသည်အထိ ဖြစ်နိုင်ပါတယ်။ အစားအသောက်နှင့် ဖြည့်စွက်ဆေးများမှ ကယ်လ်စီယမ် သည် လိုအပ်သည့်ပမာဏာကို ကျော်လွန်သွားပါက ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွေးလွှတ်ကြောများတွင် ကယ်လ်စီယမ်များ စုပုံခြင်းနှင့် သံဓာတ်နှင့် ဇင့် စုပ်ယူမှုကို ထိခိုက်စေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

🧏‍♀️ ကယ်လ်စီယမ် ဖြည့်စွက်ဆေးများ သောက်သုံးခြင်းနှင့် ကယ်လ်စီယမ် အားဖြည့်ထားသော အစားအစာများကို တပြိုင်နက်ထဲ စားသုံးခြင်းသည်လည်း ကယ်လ်စီယမ်ကို ပုံမှန်ပမာဏထက် မြင့်တက်လာစေနိုင်ပါတယ်။

🧏‍♀️ ကယ်လ်စီယမ် ချို့တဲ့ခြင်းကို ကုသရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ခြင်းပင် ဖြစ်ပါတယ်။ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများကို စားသုံးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း နှင့်ကြွက်သားများ သန်မာစေသော လေ့ကျင့်ခန်းများကို တိုးမြှင့်လုပ်ဆောင်သင့်ပါတယ်ရှင့် 👩🏻‍⚕️✨

အားလုံးပဲ ကျန်းမာကြပါစေရှင်🙌

👩‍💻💊🫶
👩🏻‍⚕️
📖

*copyကူးယူခွင့်မပြုပါရှင်။ မျှဝေနိုင်ပါတယ်*

Vitamin B1, B6, B12 💊✨👩‍💻 Vitamin B1၊ B6 နှင့် B12 တို့သည် အာရုံကြောလုပ်ဆောင်ချက်ကို အထောက်အကူပြုသည့် ဇီဝဓာတုလမ်းကြောင်း...
31/08/2026

Vitamin B1, B6, B12 💊✨

👩‍💻 Vitamin B1၊ B6 နှင့် B12 တို့သည် အာရုံကြောလုပ်ဆောင်ချက်ကို အထောက်အကူပြုသည့် ဇီဝဓာတုလမ်းကြောင်းများတွင် မကြာခဏ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပါသည်။

👩‍💻 Vitamin B1 (thiamine) နှင့် Vitamin B12 (Cobalamin) တို့သည် စွမ်းအင်ဇီဝဖြစ်ပျက်မှုတွင် နှစ်ခုစလုံး ပါဝင်ကြပြီး Vitamin B6 (Pyridoxine) နှင့် Vitamin B12 (Cobalamin) တို့မှာ အာရုံကြောဆိုင်ရာ ဓာတ်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် myelin sheath ကြံ့ခိုင်မှုတို့အတွက် အလွန်အရေးကြီးပါသည်။

👩‍💻 သုတေသနပြုချက်များအရ Vitamin B1၊ B6 နှင့် B12 တို့ကို ပူးပေါင်း၍ ကုသပေးခြင်းသည် Vitamin တစ်မျိုးတည်း သီးသန့်ပေးခြင်းနှင့် နှိုင်းယှဉ်ပါက ဓာတ်တိုးဆန့်ကျင်မှုမှ ကာကွယ်ပေးခြင်း၊ အာရုံကြောစနစ် ပိုမိုကောင်းမွန်လာစေခြင်း နှင့် ဆဲလ်များအချင်းချင်း ချိတ်ဆက်မှုတို့ကို ပိုမိုတိုးတက် ကောင်းမွန်စေကြောင်း ဖော်ပြထားပါသည်။

Vitamin B1 (Thiamine) နှင့် အာရုံကြောကျန်းမာရေး

📕 Vitamin B1 (Thiamine) သည် carbohydrate
ဇီဝဖြစ်ပျက်မှုတွင် အရေးပါသော cofactor တစ်ခုဖြစ်ပြီး pentose phosphate pathway နှင့် Krebs cycle တို့မှတစ်ဆင့် ဇီဝစွမ်းအင် ATP (adenosine triphosphate) ထုတ်လုပ်ရာတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။

📕 Vitamin B1(Thiamine) ချို့တဲ့ပါက အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများ၊ Wernicke’s encephalopathy နှင့် ဘယ်ရီဘယ်ရီရောဂါ (beriberi) စသည့် အာရုံကြောယိုယွင်းပျက်စီးခြင်းများ ဖြစ်နိုင်ပါသည်။ ထို့အပြင် Vitamin B1 (Thiamine) ချို့တဲ့ခြင်းသည် အာရုံကြောလျှပ်ကူးမှုကို ထိခိုက်စေပြီး myelin အမြှေးပါး ထိန်းသိမ်းမှုကို အားနည်းစေကာ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေပါသည်။

📕 သုတေသနပြုချက်များအရ Vitamin B1 (Thiamine) ဖြည့်စွက်စာသောက်သုံးခြင်းသည် အာရုံကြောလျှပ်ကူးနှုန်းကို တိုးတက်စေပါသည်။ Thiamine ၏ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများသည် ဆီးချိုကြောင့် သွေးတွင်းသကြားဓာတ်မြင့်မားကာ ဖြစ်ပေါ်လာသော အာရုံကြောဆိုင်ရာပြသာနာများ (Diabetic neuropathy) ကို ကာကွယ်ပေးရာတွင် အထူးအရေးကြီးပါသည်။ ထို့ကြောင့် Thiamine ပမာဏလုံလောက်စွာ ထိန်းသိမ်းထားခြင်းသည် အာရုံကြောပျက်စီးမှုကို ကာကွယ်ရန်နှင့် အာရုံကြော ပြန်လည်ရှင်သန်ကြီးထွားမှုကို အထောက်အကူပြုရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။

📕 Vitamin B1 ချို့တဲ့ရခြင်း၏ အဓိကအကြောင်းရင်းများမှာ အာဟာရပြည့်ဝစွာ စားသုံးမှု အားနည်းခြင်း၊ နာတာရှည် အရက်သောက်သုံးခြင်း၊ အာဟာရစုပ်ယူမှု မကောင်းခြင်း သို့မဟုတ် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် လိုအပ်ချက် မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ပါသည်။

Vitamin B6 (Pyridoxine) နှင့် အာရုံကြောဓာတ်ပစ္စည်း ထုတ်လုပ်ခြင်း

📙 Vitamin B6 (Pyridoxine) သည် serotonin ၊ dopamine နှင့် gamma-aminobutyric acid (GABA) ကဲ့သို့သော အာရုံကြောဓာတ်ပစ္စည်းများ၏ ဇီဝဓာတုပေါင်းစပ်ထုတ်လုပ်မှုတွင် ပါဝင်ပြီး သင့်လျော်ကောင်းမွန်သော အာရုံကြောလုပ်ဆောင်ချက်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ ထို့အပြင် Pyridoxine သည် amino acid ဇီဝဖြစ်ပျက်မှု၊ ဟေမိုဂလိုဘင် (Haemoglobin) ထုတ်လုပ်မှုနှင့် မျိုးဗီဇဖော်ပြမှု (gene expression) တို့တွင်လည်း ပါဝင်ပါသည်။

📙 Pyridoxine ချို့တဲ့ခြင်းသည် စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် မှတ်ဉာဏ်ကျဆင်းခြင်း စသည့် လက္ခဏာများနှင့် ဆက်စပ်နေပါသည်။ ဘေးထွက်အာရုံကြောများအတွက် Vitamin B6 မလုံလောက်ခြင်းက myelin အမြှေးပါး ဖြစ်ပေါ်မှုကို ချို့ယွင်းစေပြီး myelin ဖယ်ရှားခြင်း (demyelination) နှင့် နောက်ဆက်တွဲ အာရုံကြောရောဂါများကို ဖြစ်ပွားစေနိုင်ပါသည်။

📙 လက်ကောက်ဝတ် အကြောညပ်တဲ့ရောဂါ (carpal tunnel syndrome) နှင့် ဆီးချိုကြောင့် ခံစားရသော အာရုံကြောဆိုင်ရာ အခြေအနေများတွင် Vitamin B6 ဖြည့်စွက်စာသောက်သုံးခြင်းဖြင့် အာရုံကြောများ ထုံကျဉ်နာကျင်မှုကို လျော့ပါးစေနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ လေ့လာမှုများက ဖော်ပြထားပါသည်။

📙 Vitamin B6 ချို့တဲ့ရခြင်း၏ အဓိကအကြောင်းရင်းများမှာ အာဟာရပြည့်ဝစွာ စားသုံးမှု အားနည်းခြင်း၊ အာဟာရစုပ်ယူမှု မကောင်းခြင်း၊ နာတာရှည် အရက်သောက်သုံးခြင်း၊ ကျောက်ကပ်ရောဂါ နှင့် အချို့သော ဆေးဝါးများကြောင့် ဖြစ်ပါသည်။

Vitamin B12 (Cobalamin) နှင့် Myelin ကြံ့ခိုင်မှု

📘 Vitamin B12 (Cobalamin) သည် အာရုံကြောမျှင်များကို ဝန်းရံထားသော အကာအကွယ်အမြှေးပါးဖြစ်သည့် myelin sheath ကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ Vitamin B12 (Cobalamin) သည် ဆဲလ်များ ပြုပြင်ခြင်းနှင့် ပြန်လည်ရှင်သန်ခြင်းတို့အတွက် အရေးပါသော DNA synthesis နှင့် methylation ဖြစ်စဉ်များတွင်လည်း အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။

📘 Vitamin B12 ချို့တဲ့ခြင်းသည် ကျောရိုးမကြီး ပျက်စီးယိုယွင်းခြင်း (subacute combined degeneration of the spinal cord) အပါအဝင် အာရုံကြောဆိုင်ရာ ရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါသည်။ Peripheral neuropathy သည် Vitamin B12 ချို့တဲ့ခြင်း၏ အဖြစ်များသော လက္ခဏာတစ်ရပ်ဖြစ်ပြီး၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အာဟာရဓာတ် ကောင်းစွာ မစုပ်ယူနိုင်သောသူများနှင့် သွေးအားနည်းရောဂါများ ရှိသူများတွင် ပို၍အဖြစ်များပါသည်။

📘 ဆေးဘက်ဆိုင်ရာ လေ့လာမှုများအရ Vitamin B12 ဖြည့်စွက်စာ သောက်သုံးခြင်းသည် myelin sheath ပြန်လည်ဖြစ်ပေါ်ခြင်းကို အားပေးခြင်းနှင့် အာရုံကြော ပြန်လည်ရှင်သန်မှုကို မြှင့်တင်ပေးခြင်းတို့ကြောင့် အာရုံစူးစိုက်မှု မမှန်ခြင်း (paresthesia) နှင့် ကိုယ်လက်လှုပ်ရှားမှု ချို့ယွင်းခြင်း (motor deficits) ကဲ့သို့သော အာရုံကြောရောဂါ လက္ခဏာများကို သိသာထင်ရှားစွာ တိုးတက်ကောင်းမွန်စေနိုင်ကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် Vitamin B12 သည် အာရုံကြောပျက်စီးမှုကို ကာကွယ်ပေးရုံသာမက ထိခိုက်ဒဏ်ရာရရှိထားသော အာရုံကြောများကို ပြုပြင်ရာတွင်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

📘 Vitamin B12 ချို့တဲ့ရခြင်း၏ အဓိကအကြောင်းရင်းများမှာ vitamin B12 ပါဝင်သော အစားအသောက်များကို လုံလောက်စွာ မစားသုံးခြင်း သို့မဟုတ် ခန္ဓာကိုယ်က ၎င်းကို ကောင်းမွန်စွာ မစုပ်ယူနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ ဆီးချိုရောဂါအတွက်သုံးသောဆေးဝါး Metformin လိုဆေးမျိုးကို ရေရှည်သုံးစွဲရခြင်း၊ အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်းအတွက် အစာအိမ်အက်စစ်လျော့ဆေးဝါး (PPIs) နှင့် H2 blockers ဆေးများ သုံးစွဲခြင်းတို့က Vitamin B12 စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ Metformin ဆေးဝါးကို ရေရှည်သောက်သုံးသူများအနေဖြင့် Vitamin B12 ပမာဏကို ပုံမှန်စစ်ဆေးသင့်ပါသည်။

📗 Vitamin B တစ်ခုချင်းစီသည် သီးသန့်ဇီဝဓာတုလမ်းကြောင်းများမှတစ်ဆင့် အာရုံကြောကျန်းမာရေးတွင် သီးခြားအခန်းကဏ္ဍမှ ပါဝင်ကြပြီး ယင်းတို့အား ပူးပေါင်းပေါင်းစပ်ကာ အသုံးပြုပါက ပိုမိုကောင်းမွန်သော အာရုံကြောကာကွယ်မှု အကျိုးသက်ရောက်မှုများကို ပေးစွမ်းနိုင်ပါသည်။

📗 Vitamin B12 တစ်မျိုးတည်းထက် Vitamin B1၊ B6 နှင့် B12 တို့ ပူးပေါင်းပေါင်းစပ်ပါက ဆေးဝါးကုသမှု ကုထုံးဆိုင်ရာ အားသာချက်များကို ပိုမိုသိသာစေပါသည်။

🔺တန်ဆေး လွန်ဘေး 👩🏻‍⚕️✨

👉 Vitamin B6 ကို milligrams ပမာဏအလွန်အကျွံ နှင့် ရေရှည် သောက်သုံးမိပါက အာရုံကြောပျက်စီးခြင်း (Pyridoxine-induced peripheral neuropathy) ကို ပြန်လည်ဖြစ်ပွားစေနိုင်ပါသည်။ ထို့အပြင် Vitamin B6 toxicity ဖြစ်သော လက်နှင့်ခြေထောက်များတွင် ပူစပ်ခြင်း၊ ထုံကျဉ်ခြင်း၊ နာကျင်ခြင်း၊ ကြွက်သားအားနည်းခြင်းနှင့် လမ်းလျှောက်ရာတွင် အခက်အခဲဖြစ်ခြင်းတို့ကို ခံစားရနိုင်ပါသည်။

👉 Vitamin B12 (Cobalamin) သည် ပိုလျှံနေပါက ပိုလျှံသောပမာဏများကို အများအားဖြင့် ခန္ဓာကိုယ်မှ စွန့်ထုတ်ပစ်သော်လည်း၊ ပမာဏအလွန်အကျွံ ဖြည့်စွက်သောက်သုံးခြင်းက တစ်ခါတစ်ရံမှာ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် အနီစက်ထွက်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

👩🏻‍⚕️ ထို့ကြောင့် Vitamins များကို သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သူများသာ သောက်သုံးသင့်ပါသည်။ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးနေသူများအနေဖြင့် ဤဗီတာမင်များကို အပိုထပ်ဆောင်း (Supplement) အဖြစ် လိုအပ်၊ မလိုအပ်ကိုလည်း သက်ဆိုင်ရာဆရာဝန်ဖြင့် ဆွေးနွေးပြီးမှ ပမာဏ လျော်ကန်စွာ သောက်သုံးကြရန် အကြံပြုအပ်ပါသည်။

အားလုံးပဲ ကျန်းမာကြပါစေရှင်🙌

👩‍💻💊🫶
👩🏻‍⚕️
📖

*copyကူးယူခွင့်မပြုပါရှင်။ မျှဝေနိုင်ပါတယ်*

Watch out for Hypoglycaemia 👩🏻‍⚕️✨🔺 သွေးချိုကျခြင်း(Hypoglycaemia) ဆိုတာ ဘာလဲ?✨ လူနာများတွင် သွေးတွင်းသကြားဓာတ်ပမာဏ ပုံမ...
22/08/2026

Watch out for Hypoglycaemia 👩🏻‍⚕️✨

🔺 သွေးချိုကျခြင်း(Hypoglycaemia) ဆိုတာ ဘာလဲ?

✨ လူနာများတွင် သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန်ထက် အလွန်အမင်း ကျဆင်းသွားသောအခါ (Hypoglycaemia) ဟုခေါ်သော အရေးပေါ် အခြေအနေများ ကြုံတွေ့ရနိုင်ပါသည်။ ထို့ကြောင့် သွေးချိုကျလာလျှင် မည်ကဲ့သို့ သတိပြုရမည်။ မည်သို့ အရေးပေါ် ကုသမှုပေးရမည်ဆိုသည်ကို လူတိုင်း သိရှိထားသင့်ပါသည်။

🔺 သွေးချိုကျနေမှန်း ဘယ်လိုသိနိုင်မလဲ?

✨ သွေးချိုဖောက်ကြည့်သောအခါ သွေးချိုပမာဏ 70 mg/dL နှင့် အောက်ရောက်နေပါက သွေးတွင်းသကြားဓာတ်နည်းနေသော (Hypo state) ဖြစ်ကြောင်းသိနိုင်ပါသည်။

✨ သွေးတွင်းသကြားဓာတ်ကျဆင်းမှုမှာ 54 mg/dL ဖြစ်ပါက သွေးချိုပမာဏ သိသိသာသာကျဆင်းနေသော အခြေအနေဖြစ်ပြီး

✨ အကယ်၍ လူနာသည် သတိလစ်ခြင်း၊ တက်ခြင်း၊ မိမိကိုယ်ကို မကုသနိုင်တော့ဘဲ အခြားသူ၏ အကူအညီ အပြည့်အဝ လိုအပ်ခြင်း ဖြစ်ပေါ်လာပြီဆိုလျှင်တော့ သွေးချိုပမာဏ မည်မျှဖြစ်သည်ကို မကြည့်တော့ပဲ ၎င်းကို "ပြင်းထန်သော သွေးချိုကျခြင်း (Severe Hypoglycemia)" ဟု သတ်မှတ်နိုင်ပါသည်။

🔺 သွေးချိုကျလျှင် ဘယ်လိုလက္ခဏာတွေပြလဲ?

👉 ခေါင်းမူးခြင်း
👉 ခေါင်းကိုက်ခြင်း
👉 စိတ်တိုခြင်း
👉 အာရုံစူးစိုက်မရခြင်း
👉 ဆာလာခြင်း
👉 ရင်တုန်ခြင်း
👉 တစ်ကိုယ်လုံး တုန်လာခြင်း
👉 ခြေကုန်လက်ပန်းကျခြင်း
👉 ခြေလက်ထုံကျင်လာခြင်း
👉 ချွေးစေးပြန်ခြင်း စသည့် လက္ခဏာရပ်များ ပေါ်ပေါက်လာပါက သွေးချိုအမြန်တိုင်းရန် လိုအပ်ပြီး သွေးတွင်းအချိုကျနေသည်ဟု ယူဆနိုင်ပါသည်။

🔺 သွေးချိုကျပါက ဘာလုပ်ရမလဲ?

👩‍💻 သွေးချိုကျသည့် အရေးပေါ်အခြေအနေ (Hypo state) တွင် လူနာ၏ သတိအခြေအနေအပေါ် မူတည်၍ နည်းလမ်း ၂ မျိုး ခွဲခြား လုပ်ဆောင်နိုင်ပါသည်။

🔺 လူနာသည် သတိကောင်းပြီး ပါးစပ်မှ စားနိုင်ပါက (သို့မဟုတ်) သတိ မကောင်းသော်လည်း ပါးစပ်မှ မျိုချ၍ရပါက ဆေးပညာအရ "Rule of 15" (၁၅ မိနစ် စည်းမျဉ်း) ကို အသုံးပြု၍ အစာလမ်းကြောင်းမှ အမြန်စုပ်ယူနိုင်သော Carbohydrate များကို ချက်ချင်း စားသုံးပေးရန် လိုအပ်ပါသည်။

ဥပမာအားဖြင့်-

✨ လက်ဖက်စားဇွန်းဖြင့် သကြား (၃)ဇွန်း (သို့မဟုတ်)
✨ ဂလူးကို့စ်(Glucose) ၁၅ ဂရမ် (သို့မဟုတ်)
✨ အချိုရည် သံဘူးတစ်ဝက် (သို့မဟုတ်)
✨ သစ်သီးဖျော်ရည် ဖန်ခွက်တစ်ဝက် (125 ml) တို့ကို ကျွေးရပါမည်။ ထို့နောက် ၁၅ မိနစ်ခန့်နေလျှင် သွေးချို ပြန်တိုင်းပါ။ သွေးချို 70 mg/dL (သို့) 4 mmol/L မကျော်သေးလျှင် အထက်ပါ အညွှန်းအတိုင်း နောက်တကြိမ် ထပ်စားပါ။

🔹 သွေးချိုပမာဏ 70 mg/dL (သို့) 4 mmol/L ကျော်ပါက ကြာကြာခံသော ကစီဓာတ်များကို ဆက်လက်စားသုံးပေးပါ။

ဥပမာအားဖြင့်-

✨ ဘီစကွတ် (၂) ခု (သို့မဟုတ်)
✨ ပေါင်မုန့် (၁) ချပ် (သို့မဟုတ်)
✨ ဒိန်ချဉ်ခွက်သေး (100ml) တခွက် (သို့မဟုတ်)
✨ သစ်သီးအနည်းငယ် တို့ကို စားသုံးပေးပါ။

🔹 အချိုရည် သို့မဟုတ် သကြားတိုက်ပြီးနောက် လုံးဝသတိကောင်းသွားပြီး အခြေအနေ တည်ငြိမ်သွားသော်လည်း နောက်တစ်ကြိမ် သွေးချို ထပ်ကျတတ်သေးသဖြင့် အထူးဂရုစိုက်သင့်ပါသည်။ အကယ်၍ နောက်တစ်ကြိမ် အစာစားချိန်နှင့် နီးနေပြီဆိုလျှင် အစာပါ ဆက်လက်စားသင့်ပါသည်။

🔺 အကယ်၍လူနာသည် သတိမကောင်းဘဲ ပါးစပ်မှလဲ မျိုချ၍မရပါသော အခြေအနေဖြစ်ပါက အသက်သေဆုံးသည်အထိ အန္တရာယ် ပေးနိုင်ပါသည်။

🔺 ဆီးချိုလူနာများ ပြင်းထန်စွာ သွေးချိုကျပြီး သတိလစ်သွားပါက လူနာကို သတိမလွတ်စေရန် ဘေးစောင်းထား၍ အသက်ရှူလမ်းကြောင်း မပိတ်စေရန် ဂရုစိုက်ကာ နီးစပ်ရာ ဆေးရုံ၊ဆေးခန်း (သို့မဟုတ်) အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ထံ အမြန်ဆုံး ပို့ဆောင်ကုသမှု ခံယူခြင်း ပြုလုပ်ရပါမည်။

🔺 ထို့အချိန်မျိုးတွင် လူနာအား ပါးစပ်မှ အတင်းအကျပ် တိုက်ကျွေးခြင်း လုံးဝ မပြုလုပ်ဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ကုသမှု ခံယူရန် အရေးကြီးပါသည်။

👩‍💻 Diabetes လူနာများတွင် ဆီးချိုဆေး သောက်သုံးနေရပြီး အစာမဝင်ခြင်း၊ အစားစားချိန် နောက်ကျသွားခြင်း၊ ဆေးစားချိန်နှင့် အစာစားချိန် ကွာဟလွန်းခြင်း၊ ပုံမှန်ထက် ပို၍ လေ့ကျင့်ခန်းလုပ်မိခြင်း၊ ကိုယ်လက်လှုပ်ရှားမှု များသွားခြင်း စသည့် အချက်များသည် သွေးချိုကျခြင်း (Hypoglycaemia) ကို ဖြစ်စေနိုင်ကြောင်း သတိပြု ဆင်ခြင်သင့်ပါသည်။

Prof: အမ Daw Ni Ni Hlaing ရဲ့ CME မှ သိခဲ့ရသော knowledge လေးနှင့် ပေါင်းစပ်ကာ ဆီးချိုဝေဒနာရှင်များ သတိပြုမိစေရန် ရေးသားလိုက်ပါသည်👩🏻‍⚕️✨

အားလုံးပဲ ကျန်းမာကြပါစေရှင်🙌

👩‍💻💊🫶
👩🏻‍⚕️
📖

*copyကူးယူခွင့်မပြုပါရှင်။ မျှဝေနိုင်ပါတယ်*

Vitamin K2 👩🏻‍⚕️✨🔸Vitamin K2 သည် Menaquinone(MK) ဟုခေါ်သော အဆီတွင်ပျော်ဝင်သည့် fat soluble vitamin ဖြစ်ပါသည်။ Vitamin K2...
21/08/2026

Vitamin K2 👩🏻‍⚕️✨

🔸Vitamin K2 သည် Menaquinone(MK) ဟုခေါ်သော အဆီတွင်ပျော်ဝင်သည့် fat soluble vitamin ဖြစ်ပါသည်။ Vitamin K2 ကို အဓိကအားဖြင့် MK-4 နှင့် MK-7 ပုံစံတို့ဖြင့် တွေ့ရသည်။ အကောင်းဆုံး သုတေသနပြုလုပ်ထားသော ပုံစံမှာ MK-7 ဖြစ်ပါသည်။

🔸 Vitamin K2 ကို တိရစ္ဆာန်ထွက်ကုန်များနှင့် အချဉ်ဖောက်ထားသော အစားအစာများတွင် တွေ့ရှိရပါသည်။

🔸 Vitamin K2 သည် အရိုးများသန်မာရေး၊ သွေးလွှတ်ကြောနှင့် သွေးကြောစနစ်များ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါသည်။

🔸 Vitamin K2 သည် ခန္ဓာကိုယ်ထဲက ကယ်လ်စီယမ် (Calcium)တွေကို သွေးကြောနဲ့ တစ်ရှူးတွေထဲမှာ မစုပုံစေဘဲ အရိုးနဲ့သွားတွေဆီ တိုက်ရိုက်ရောက်ရှိအောင် လုပ်ဆောင်ပေးပါသည်။

🔸 Vitamin K2 ပမာဏ မလုံလောက်ဘဲ Vitamin D3 နဲ့ ကယ်လ်ဆီယမ် (Calcium) ကို သောက်သုံးနေမယ်ဆိုရင် ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

🔸 Vitamin D3 ဟာ အူလမ်းကြောင်းကနေ ကယ်လ်ဆီယမ် (Calcium ) စုပ်ယူမှုကို အားပေးပါတယ်။ Vitamin K2 ကတော့ သွေးကြောထဲက အဲ့ဒီ calcium တွေကို အရိုးဆီ ပို့ဆောင်ပေးပြီး သွေးကြောတွေထဲမှာ မစုပုံဖို့အတွက် ပရိုတင်းဓာတ်တွေ ဖြစ်သော (osteocalcin နဲ့ matrix GLA protein) ကို လှုံ့ဆော်ပေးပါတယ်။ Vitamin K2 မရှိပါက calcium များ နေရာမှားကာ စုပြုံလာနိုင်ပါတယ်။

🔸 Vitamin K2 ချို့တဲ့ပါက

👉 သွေးကြောနံရံများတွင် ကယ်လ်ဆီယမ် အနည်ထိုင်ခြင်း (arterial calcifications)၊

👉 အရိုးပွရောဂါ (osteoporosis)၊

👉 သည်းခြေကျောက်တည်ခြင်း (gallstones) နှင့်

👉 ကျောက်ကပ်ကျောက်တည်ခြင်း (kidney stones) တို့ကို ဖြစ်ပွားစေနိုင်ပါသည်။

🔸 Vitamin K2 လျော့နဲခြင်းမှ ကာကွယ်ရန် သဘာဝအစားအစာများဖြစ်သော အချဉ်ဖောက်ထားသော အစားအစာများ၊ နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုးနှင့် ကိုယ်တွင်းကလီစာများကို စားသုံးပါ။Vitamin K2 ကို မှန်ကန်စွာ ဖြည့်စွက်သောက်သုံးပါ။ Vitamin D3 ကို သောက်သုံးသည့်အခါ သင့်လျော်သော MK-7 ပုံစံ ပါဝင်သည်များကို တွဲဖက်သောက်သုံးသင့်ပါသည်။

🔸 လူကြီးများအတွက် တစ်ရက်လျှင် အကြံပြုထားသော Vitamin K2 ပမာဏမှာ ၁၀၀ မှ ၃၀၀ မိုက်ခရိုဂရမ် (mcg) ဖြစ်ပြီး ကလေးများအတွက်မူ ၅၀ မိုက်ခရိုဂရမ် (mcg) ဖြစ်ပါသည်။ တစ်ရက်လျှင် 800-1000 mcg ထက်ပို၍ မသောက်သုံးသင့်ကြောင်း အကြံပြုအပ်ပါသည်။

🔸 Vitamin K2 (MK-7) ကို လိုအပ်သည်ထက် ဆတိုးပိုမိုသောက်သုံးခြင်းသည် ခန္ဓာကိုယ်အတွက် အထူးတလည် အကျိုးပိုမိုဖြစ်ထွန်းစေခြင်း မရှိသည့်အပြင် မလိုအပ်ဘဲ ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် ဆေးဝါးဓာတ်ပြုမှုအန္တရာယ်များကို မြင့်တက်စေနိုင်ပါတယ်။

🔸 Vitamin K2 သည် Vitamin K1 ကဲ့သို့ သွေးခဲခြင်းကို ကူညီပေးသော်လည်း Vitamin K2 သည် သွေးခဲခြင်းအပေါ် သက်ရောက်မှု အလွန်နည်းပါးပါသည် (သွေးခဲခြင်းအပေါ် အပြင်းအထန် သက်ရောက်မှုရှိသော Vitamin K1 နှင့် မတူပါ။)

🔺 သို့သော်လည်း Warfarin ကဲ့သို့သော (Vitamin K antagonists)သောက်နေသူများအနေဖြင့် Vitamin K2 ပါဝင်သော ဖြည့်စွက်စာများကို ဆရာဝန်နှင့် မတိုင်ပင်ဘဲ လုံးဝမသောက်သင့်ပါ။ ဆရာဝန်၏ တိုက်ရိုက်ခွင့်ပြုချက်နှင့် INR တန်ဖိုးပေါ်မူတည်ပြီးမှသာ သက်ဆိုင်ရာ ဆရာဝန်၏ ဆုံးဖြတ်မှုဖြင့်သာ သောက်သုံးရပါမည်။

🔺 သွေးကျဲဆေး သောက်သုံးနေရသူများသည် ဆရာဝန် နှင့် အမြဲတမ်း တိုင်ပင်ဆွေးနွေးရန် အကြံပြုအပ်ပါသည်။

👩🏻‍⚕️ Vitamin K2 ရဲ့ အဓိက ကျန်းမာရေး အကျိုးကျေးဇူးများမှာ

✨ Improves Calcium Metabolism: ကယ်လ်ဆီယမ် ဇီဝဖြစ်ပျက်မှုကို ပိုမိုကောင်းမွန်စေပါသည်။

✨ Supports Healthy Hormone Balance: ဟော်မုန်းမျှတမှုကို ထောက်ပံ့ပေးပါသည်။

✨ Improves Bone Health: အရိုးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါသည်။

✨ Supports Cardiovascular Health: နှလုံးနှင့် သွေးကြောကျန်းမာရေးကို ထောက်ပံ့ပေးပါသည်။

✨ Improves Healthy Inflammatory Processes: ရောင်ရမ်းမှုဖြစ်စဉ်များကို ပိုမိုကောင်းမွန်စေပါသည်။

✨ Supports Healthy Immune Function: ကျန်းမာသော ကိုယ်ခံအားစနစ် လုပ်ဆောင်မှုကို ထောက်ပံ့ပေးပါသည်။

✨ Improves Dental Health: သွားကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါသည်။

အားလုံးပဲ ကျန်းမာကြပါစေရှင်🙌

👩‍💻💊🫶
👩🏻‍⚕️
📖

*copyကူးယူခွင့်မပြုပါရှင်။ မျှဝေနိုင်ပါတယ်*

သတိပြုဖွယ် Doxycycline 💊 ဘေးထွက်ဆိုးကျိုးများ ✨✨✨💊 Doxycycline သည် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်...
19/08/2026

သတိပြုဖွယ် Doxycycline 💊 ဘေးထွက်ဆိုးကျိုးများ ✨✨✨

💊 Doxycycline သည် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် လိင်မှတဆင့် ကူးစက်သောရောဂါများ (chlamydia နှင့် syphilis) စသည့် အမျိုးမျိုးသော ဘက်တီးရီးယားပိုးဝင်ခြင်းများကို ကုသရန် အသုံးပြုသည့် ပဋိဇီဝဆေးတစ်မျိုး ဖြစ်ပါသည်။ ဝက်ခြံ၊ မျက်နှာအသားအရေနီမြန်းခြင်း၊ Lyme disease နှင့် ငှက်ဖျားရောဂါ ကာကွယ်ရန်အတွက် အသုံးပြုသော ကျယ်ပြန့်သော ပဋိဇီဝအမျိုးအစား (tetracycline antibiotic) တစ်မျိုး ဖြစ်ပြီး ဘက်တီးရီးယားများ ကြီးထွားပွားများခြင်းကို တားဆီးပေးခြင်းကို လုပ်ဆောင်ပေးသည်။

🔺 Doxycycline ဆေး၏ အဓိကဘေးထွက်ဆိုးကျိုးများမှာ

👉 ပျို့အန်ခြင်း

👉 ဝမ်းလျှောခြင်း

👉 ဝမ်းဗိုက်မအီမသာ ဖြစ်ခြင်း စသည့် အစာအိမ်နှင့် အူလမ်းကြောင်း မအီမသာ ဖြစ်ခြင်း စသည်တို့ ဖြစ်
နိုင်ပါသည်။

🔺 ထို့အပြင် ဆေးကိုရေလုံလောက်စွာဖြင့် မသောက်ခြင်း (သို့) ဆေးသောက်ပြီး ချက်ခြင်းလှဲလျောင်းပါက ဆေးကြောင့် အစာပြွန်ရောင်ခြင်းကို ဖြစ်စေနိုင်သောကြောင့် လူနာများအား ဆေးကို မည်သို့သောက်သုံးသင့်သည်ကို သေချာမှာရန် လိုအပ်ပါသည်။

🔺 နောက်ထပ် သတိပြုရမည့် ဆိုးကျိုးတစ်ရပ်မှာ အလင်းဒဏ်ကြောင့် ဓါတ်မတည့်သည့် ဖြစ်စဥ် (Photosensitivity reaction)ဖြစ်ပါသည်။

🔺 Doxycycline သောက်ပြီး နေရောင်နှင့် ထိတွေ့ပါက သာမန်ထက် ပိုမိုပြင်းထန်စွာ နေလောင်ခြင်းမျိုး ဖြစ်တတ်ပါသည်။ Doxycycline ဆေးသောက်ပြီးဆုံးသွားပြီးနောက်တွင်လည်း နေရောင်ခြည်နှင့် ဓာတ်မတည့်ခြင်း (သို့မဟုတ် နေလောင်လွယ်ခြင်း) သည် ၇ ရက်မှ ၁၄ ရက်အထိ ဆက်လက်ရှိနေနိုင်ပါသည်။လူနာများအား နေရောင်အကာအကွယ်ယူရန် အကြံပြုရပါမည်။

🔺 သွားနှင့် အရိုးများအပေါ် အကျိုးသက်ရောက်မှုများမှာတော့ သွားအရောင်ပြောင်းခြင်း (Tooth discoloration) နှင့် အရိုးကြီးထွားမှုကို ဟန့်တားခြင်း (Bone growth inhibition) တို့ကြောင့် ဆရာဝန်၏ အထူးညွှန်ကြားချက် မရှိပါက ကိုယ်ဝန်ဆောင်ချိန်နှင့် အသက် ၈ နှစ်အောက် ကလေးငယ်များတွင် သောက်သုံးရန် မသင့်ပါ။ နို့တိုက်မိခင်များတွင်လည်း ဆေးကို သောက်နေစဉ်ကာလအတွင်းနှင့် ဆေးသောက်ပြီးနောက် ၅ ရက်အထိ မိခင်နို့ မတိုက်ပါနှင့်။

🔺 အခြားသော ဘေးထွက်ဆိုးကျိုးများ အနေဖြင့် ခေါင်းကိုက်ခြင်း ၊ ဦးနှောက်တွင်း ဖိအားမြင့်တက်ခြင်း၊ အသည်းကို ထိခိုက်စေနိုင်သည့် အန္တရာယ်များလဲ ရှိနိုင်ပါသည်။

💊 Doxycycline ကို သံဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်နှင့် အက်ဆစ်ဓာတ်ပြယ်ဆေးများ (antacids)၊ တို့နှင့် တွဲဖက်သောက်သုံးပါက ဆေးစုပ်ယူနိုင်စွမ်းကို ကျဆင်းစေသောကြောင့် ထိုဆေးများနှင့် Doxycycline ကို အနည်းဆုံး ၂နာရီခန့် ခြားကာ သောက်သုံးရပါမည်။

👩🏻‍⚕️Doxycycline ဆေးကို သောက်သုံးရမယ်ဆိုလျှင်

✨ ရေများများ ( ရေတဖန်ခွက် ) ဖြင့် သောက်ပါ။

✨ ဆေးသောက်ပြီးပါက ချက်ခြင်းလှဲလျောင်းခြင်း မပြုရပါ။ ထိုင်နိုင်၊ မတ်တပ်ရပ်နိုင်၊ လမ်းလျှောက်နိုင်ပါသည်။

✨ နေရောင်ကာကွယ်မှုကိုသုံးပါ။ ပြင်းထန်သော နေရောင်နှင့် အလွန်အကျွံ ထိတွေ့မှုကို ရှောင်ကြဉ်ပါ။

✨ Iron, Calcium, Magnesium, Zinc ပါဝင်သောဆေးများ၊ antacids များနှင့် အချိန်ခွဲခြားသောက်ပါ။

✨ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အစာပြွန်ရောင်ရမ်းခြင်း ဖြစ်လာပါက ချက်ခြင်းအရေးပေါ် ပြသသင့်ပါသည်။

👩🏻‍⚕️Doxycycline သည် ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရသည့် ပိုးသတ်ဆေး ဖြစ်ပါသည်✨

အားလုံးပဲ ကျန်းမာကြပါစေရှင်🙌

👩‍💻💊🫶
👩🏻‍⚕️
📖

*copyကူးယူခွင့်မပြုပါရှင်။ မျှဝေနိုင်ပါတယ်*

Address

Yangon

Website

Alerts

Be the first to know and let us send you an email when PharmaPulse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PharmaPulse:

Shortcuts

Share