Glow Inside Out By Su

Contact the business

Glow Inside Out By Su Your light isn't meant to be hidden. It's meant to Lead.

မြန်မာ့ DNA အမေက အမြဲပြောတယ်..."ဘာစားစား ထမင်းလေးနဲ့စားမှ ရင်အေးတယ်နော်..." တဲ့။အစတုန်းကတော့ "ဟုတ်ကဲ့ အမေ" လို့ပဲ ပြန်ဖြ...
24/07/2026

မြန်မာ့ DNA

အမေက အမြဲပြောတယ်..."ဘာစားစား ထမင်းလေးနဲ့စားမှ ရင်အေးတယ်နော်..." တဲ့။

အစတုန်းကတော့ "ဟုတ်ကဲ့ အမေ" လို့ပဲ ပြန်ဖြေလိုက်တာ။ ဒါပေမယ့် အဲဒီစကားက မသိမသာ စိတ်ထဲမှာ အမြစ်တွယ်သွားတာထင်တယ်။

ဒီနေ့ Steak စားဖို့ သွားတော့ Menu ကိုကြည့်ပြီး Steak တစ်ပွဲရွေး၊ Side dish တွေရှိတာလည်း မြင်တယ်။ Fries လည်းပါတယ် mushroom soup လည်းပါတယ်။

ဒါပေမယ့် Order မှာတဲ့အချိန်...ပါးစပ်က အလိုလိုထွက်သွားတာက...

"ထမင်းတစ်ပွဲ..." 🤣

Order ပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားမိတယ်..."ဟင်... Steak နဲ့လည်း ထမင်းတွဲစားလား?" 😂

အဲဒီအချိန်မှာပဲ အမေပြောခဲ့တဲ့စကားလေးကို သတိရပြီး ရယ်မိတော့တယ်။

တကယ်တော့ အမေတွေက သားသမီးတွေ ဗိုက်ပြည့်ဖို့၊ အားရှိဖို့ပဲ စဉ်းစားကြတာ။ သူတို့အတွက်တော့ ထမင်းစားပြီးမှ ဗိုက်ပြည့်သလို ခံစားရတာ။ အဲဒီစေတနာလေးက ဆုတို့ရဲ့ အကျင့်တစ်ခု၊ အိမ်ရဲ့အရသာတစ်ခု ဖြစ်သွားတယ်။

အခုတော့ Steak စားရင်တောင် ထမင်းမပါရင် တစ်ခုခုလိုနေသလို ခံစားရတယ်။ မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲဆို ပြောမနေနဲ့တော့ ...။ အမေ့အမြဲ အာ့လိုလေး ပြောပြီးကျွေးတော့ အကျင့်ဖြစ်သွားတာလား၊ မြန်မာလူမျိုး DNA က မဖျောက်နိုင်တာလားတော့ မသိဘူး။ 😆

ဒါပေမယ့် သေချာတာတစ်ခုက...ကမ္ဘာဘယ်နေရာရောက်ရောက်၊ ဘယ်လောက် အစားအစာတွေ စားရစားရ... မြန်မာတစ်ယောက်ရဲ့နှလုံးသားထဲမှာတော့ "ထမင်းလေးနဲ့မှ ရင်အေးတယ်" ဆိုတဲ့ အမေ့စကားက အမြဲရှိနေဦးမှာပါ။ ❤️🍚

ထမင်းကြိုက်သော🥰❤️

24.07.2026

#အမေ့စကား
#မြန်မာ့DNA
#အတွေး
#မိဘ

ခုတလော social detox လုပ်ဖြစ်တယ်။ ဖုန်းကို တတ်နိုင်သမျှ လျော့ကြည့်ဖို့ ကိုယ့်ကိုယ်ကို စည်းကမ်းချထားတာ။ဒါပေမယ့် တကယ်လုပ်ကြ...
22/07/2026

ခုတလော social detox လုပ်ဖြစ်တယ်။ ဖုန်းကို တတ်နိုင်သမျှ လျော့ကြည့်ဖို့ ကိုယ့်ကိုယ်ကို စည်းကမ်းချထားတာ။

ဒါပေမယ့် တကယ်လုပ်ကြည့်မှ သိလာတာက ဖုန်းကို မကြည့်ဘဲ နေဖို့က ထင်ထားတာထက် ပိုခက်တယ်။

အလုပ်မရှိလို့ မဟုတ်ဘူး။ ပျင်းလို့လည်း မဟုတ်ဘူး။ အားအားမအားအား ဖုန်းကို လက်လှမ်းပြီး unlock လုပ်ချင်နေတယ်။ ခဏလေး ဘေးချထားလိုက်တာနဲ့ "ဘာများတက်လာလဲ" ဆိုတဲ့စိတ်က အလိုလို ပေါ်လာပြန်ရော။ Notification မရှိလည်း ဖွင့်ကြည့်တယ်။ ဘာမှအထူး အထွေမရှိလည်း ပိတ်ပြီး မိနစ်ပိုင်းလောက်နေရင် ထပ်ဖွင့်ကြည့်ပြန်တယ်။

အဲ့ဒီအချိန်မှာပဲ ကိုယ်သတိထားမိသွားတာက... ဒီလိုအကျင့်က ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ အခုခေတ် လူတော်တော်များများရဲ့ နေ့စဉ်အကျင့်ဖြစ်နေပြီ။ ဖုန်းကို အသုံးပြုနေတာ မဟုတ်တော့ဘဲ ဖုန်းက ကိုယ့်အာရုံကို အသုံးပြုနေတာမျိုး ဖြစ်နေတယ်။

အဲ့ဒီအချိန်မှာ အကိုတစ်ယောက် တင်ထားတဲ့ videoလးကြည့်ဖြစ်တယ်။ "ဖုန်းကို ဖွင့်ချင်စိတ်ဖြစ်လာတိုင်း ပေါ်သမျှလိုက်မကြည့်နဲ့။ ကိုယ့် account ပဲဖြစ်ဖြစ်၊ page ပဲဖြစ်ဖြစ် တစ်ခုခု ဖန်တီးပြီး တင်ကြည့်ပါ" တဲ့။

ပထမဆုံးဖတ်တုန်းကတော့ လွယ်မယ်ထင်တာပေါ့။ တကယ်လိုက်လုပ်ကြည့်တော့ မလွယ်ဘူး။
ဖုန်းကိုင်လိုက်တာနဲ့ အရင်လိုပဲ Facebook ဖွင့်၊ Reels ကြည့်၊ တစ်ယောက်ပြီးတစ်ယောက် post တွေ scroll လုပ်နေမိတာ။ နာရီဝက်လောက်ကြာမှ "ဟာ... ငါ ဖုန်းဖွင့်တာ ဒီလိုမဟုတ်ဘူးလေ။ တစ်ခုခုဖန်တီးဖို့လေ" ဆိုပြီး သတိဝင်လာတာ။

အဲ့လိုသတိဝင်လာရင် ဖုန်းကို ခဏပြန်ချထားလိုက်တယ်။ အသက်ရှူပြီး စဉ်းစားတယ်။ ဒီနေ့ ဘာမျှဝေရင် ကောင်းမလဲ။ ဓာတ်ပုံလား၊ Video လား၊ စာလေးတစ်ပိုဒ်လား။ ပြီးတော့ အဲ့ဒါကို တင်ဖို့ ပြန်ဖွင့်တယ်။

ရယ်စရာကောင်းတာက... တင်ဖို့ပြန်ဖွင့်တဲ့အချိန်မှာတောင် သူများတင်ထားတာတွေထဲ ပြန်မျောသွားမိသေးတယ်။ အကျင့်တစ်ခုကို ပြောင်းတာက တစ်ရက်နှစ်ရက်နဲ့ မရဘူးဆိုတာ ကိုယ်တိုင်ခံစားရတယ်။

ဒါပေမယ့် အရင်နဲ့ မတူတာတစ်ခုတော့ ရှိလာတယ်။ အရင်က ဖုန်းဖွင့်လိုက်ရင် ဘာရည်ရွယ်ချက်မှ မရှိဘူး။ အခုတော့ "ငါ ဒီဖုန်းကို ဘာအတွက်ဖွင့်တာလဲ" ဆိုတဲ့ မေးခွန်းလေး အရင်ပေါ်လာတယ်။ အဲ့ဒီမေးခွန်းလေး တစ်ခုတည်းကတောင် ကိုယ့်အချိန်တွေကို ကယ်တင်ပေးလာတယ်။

တစ်ခါတလေ ဘဝကို ပြောင်းလဲစေတဲ့အရာတွေက ကြီးကြီးမားမား ဆုံးဖြတ်ချက်တွေ မဟုတ်ဘူး။ အလေ့အကျင့် သေးသေးလေးတစ်ခုကို ပြောင်းလိုက်တာကနေ စတာ။

အချိန်ကုန်အောင် အဆုံးမရှိ scroll လုပ်နေမယ့်အစား "ဒီနေ့ ငါ ဘာဖန်တီးမလဲ" လို့ ကိုယ့်ကိုယ်ကို မေးကြည့်တဲ့ အကျင့်လေးတစ်ခု။ အဲ့ဒီမေးခွန်းလေးက ကိုယ့်ဦးနှောက်ကို စားသုံးသူကနေ ဖန်တီးသူအဖြစ် တဖြည်းဖြည်း ပြောင်းပေးနေတယ်။

အခုထိတော့ ပြီးပြည့်စုံအောင် မလုပ်နိုင်သေးဘူး။ မေ့သွားတဲ့နေ့တွေလည်း ရှိတယ်။ Scroll လုပ်မိတဲ့နေ့တွေလည်း ရှိတယ်။ ဒါပေမယ့် မနေ့ကထက် ဒီနေ့ နည်းနည်းပိုသတိရှိလာတယ်ဆိုရင် အဲ့ဒါလည်း တိုးတက်မှုတစ်ခုပဲ မဟုတ်လား။

တကယ်တော့ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းတာ အချိန်မဟုတ်ဘူး... နေ့တိုင်း ထပ်ခါထပ်ခါ လုပ်နေတဲ့ အလေ့အကျင့်တွေပါ။

ဒီစာလေးက အပြစ်တင်တာမဟုတ်ဘဲ "ငါလည်း ဒီလိုပဲ ဖြစ်ခဲ့တယ်" ဆိုတဲ့ အသိလေးနဲ့ ဘယ်လိုလျော့ချ နိုင်ခဲ့လဲဆိုတာလေး ‌သတိလေးထားမိစေချင်တာ...။

22.07.2026


#အတွေး
゚

နေမကောင်းဖြစ်နေတဲ့အချိန်မှာ အိပ်ရာပေါ်လဲလျောင်းရင်း တွေးမိတဲ့အတွေးလေးပါ။ ကိုယ်တိုင်လည်း တစ်ခါတလေ ဖျားနာပြီး အားနည်းနေတဲ့...
19/07/2026

နေမကောင်းဖြစ်နေတဲ့အချိန်မှာ အိပ်ရာပေါ်လဲလျောင်းရင်း တွေးမိတဲ့အတွေးလေးပါ။ ကိုယ်တိုင်လည်း တစ်ခါတလေ ဖျားနာပြီး အားနည်းနေတဲ့အချိန်တွေမှာပဲ လူတွေရဲ့ စကားတစ်ခွန်း၊ အပြုအမူတစ်ခု၊ ဂရုစိုက်မှုတစ်ခုက ဘယ်လောက်အရေးကြီးလဲဆိုတာ ပိုပြီးသိလာရတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာပဲ ဘဝထဲက လူတွေကို တန်ဖိုးထားဖို့၊ ရှိနေတုန်းမှာပဲ ချစ်ခြင်းမေတ္တာကို ပြောဖို့ စိတ်ထဲကနေ ပိုပြီးသတိရလာပါတယ်။

လူတိုင်းဟာ တစ်နေ့နေ့မှာ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ရမယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် အဲဒီနှုတ်ဆက်ခြင်းထဲက ဘယ်တစ်ခါက နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်မလဲဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

တစ်ခါတလေ "နောက်မှတွေ့မယ်နော်" လို့ အလွယ်တကူ ပြောခဲ့တဲ့စကားက တကယ်တော့ ဘဝတစ်လျှောက် နောက်ဆုံးစကား ဖြစ်သွားတတ်ပါတယ်။ "အိမ်ရောက်ရင် ဖုန်းဆက်လိုက်နော်" လို့ ပြောလိုက်တဲ့အချိန်က နောက်ဆုံးအကြိမ် ဂရုစိုက်ခွင့် ဖြစ်သွားတတ်သလို၊ "နောက်တစ်ခေါက်မှ စကားအကြာကြီးပြောကြရအောင်" လို့ ပြောခဲ့တဲ့အခွင့်အရေးကလည်း ဘယ်တော့မှ ပြန်မရတော့တာမျိုး ဖြစ်နိုင်ပါတယ်။

ဘဝဆိုတာ ကြိုတင်အသိပေးပြီး လမ်းခွဲခိုင်းတာ မဟုတ်ပါဘူး။ တချို့လူတွေက နှုတ်ဆက်စကားတောင် မပြောလိုက်ရဘဲ ကိုယ့်ဘဝထဲက တိတ်တိတ်လေး ထွက်သွားကြတယ်။ တချို့ကျတော့ မနေ့ကအထိ ရယ်မောစကားပြောခဲ့ပြီး ဒီနေ့မှာ သတင်းတစ်ခုအနေနဲ့ပဲ ပြန်ကြားရတတ်တယ်။ အဲဒီအချိန်ရောက်မှ "အဲဒီနေ့က နည်းနည်းလေး ပိုကောင်းကောင်း ပြောလိုက်ရင်ကောင်းမှာ"၊ "စိတ်ဆိုးမထားဘဲ ဖက်ထားလိုက်ရင်ကောင်းမှာ"၊ "ချစ်တယ်လို့ ပြောလိုက်ရင်ကောင်းမှာ" ဆိုတဲ့ နောင်တတွေက နှလုံးသားကို ပိုနာကျင်စေပါတယ်။

ကိုယ်တိုင်လည်း အရင်က နေမကောင်းလို့ အိမ်မှာ ငြိမ်ငြိမ်လေး အနားယူနေတုန်း ဖုန်းထဲက မက်ဆေ့ချ်တစ်စောင်၊ မေးမြန်းတဲ့စကားတစ်ခွန်း၊ "အဆင်ပြေရဲ့လား" ဆိုတဲ့ စကားလေးတစ်လုံးကတောင် အရမ်းကို နွေးထွေးစေခဲ့ဖူးပါတယ်။

အဲဒီအချိန်မှာပဲ လူတစ်ယောက်ရဲ့ ရှိနေမှု၊ ဂရုစိုက်မှု၊ အချိန်ပေးမှုတွေဟာ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ပိုပြီးနားလည်လာခဲ့ပါတယ်။ အဲဒါကြောင့်လည်း စကားတွေကို စိတ်မထင်တိုင်း မပြောဖြစ်တော့တာ....

ဒါကြောင့် ရှိနေတုန်း တန်ဖိုးထားပါ။ တွေ့နိုင်တုန်း တွေ့ပါ။ ဖုန်းခေါ်နိုင်တုန်း ခေါ်ပါ။ ချစ်တယ်လို့ ပြောချင်ရင် မရှက်ပါနဲ့။ တောင်းပန်ချင်ရင် အချိန်မဆွဲပါနဲ့။ ကျေးဇူးတင်ချင်ရင်လည်း ဒီနေ့ပဲ ပြောလိုက်ပါ။ ဘာလို့လဲဆိုတော့ မနက်ဖြန်ဆိုတာ လူတိုင်းအတွက် အာမခံထားတဲ့ အချိန်မဟုတ်ပါဘူး။

ဘဝမှာ လူတွေနဲ့ ပြန်ဆုံရဖို့ထက် မဆုံရတော့တဲ့အချိန်တွေက ပိုများနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့တွေ့ရတဲ့သူတိုင်းကို နူးညံ့တဲ့စကားလေးနဲ့ ဆက်ဆံပါ။ ဒေါသတွေကို လျှော့ချပါ။ ချစ်ခြင်းတွေကို ဖော်ပြပါ။ အကယ်၍ ဒီနေ့ဟာ နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်ခဲ့မယ်ဆိုရင်တောင် "ငါပြောသင့်တာတွေ ပြောခဲ့တယ်၊ လုပ်သင့်တာတွေ လုပ်ခဲ့တယ်" ဆိုတဲ့ စိတ်အေးချမ်းမှုတစ်ခုတော့ ကျန်ရစ်စေချင်ပါတယ်။

19.07.2026
#အတွေး ゚

"Every Move Counts" ဆိုတဲ့ စကားလေးကို ပထမဆုံးမြင်လိုက်တော့ လေ့ကျင့်ခန်းနဲ့ပဲ သက်ဆိုင်တယ်လို့ လူတော်တော်များများက ထင်မိမယ...
15/07/2026

"Every Move Counts" ဆိုတဲ့ စကားလေးကို ပထမဆုံးမြင်လိုက်တော့ လေ့ကျင့်ခန်းနဲ့ပဲ သက်ဆိုင်တယ်လို့ လူတော်တော်များများက ထင်မိမယ်ထင်တယ်။

ဒါပေမယ့် အသက်အရွယ်ရလာပြီး ဘဝကို ပိုနားလည်လာတဲ့အခါ ဒီစကားလေးက လေ့ကျင့်ခန်းတစ်ခုတည်းအတွက် မဟုတ်ဘဲ ဘဝတစ်ခုလုံးအတွက်ပါ အဓိပ္ပါယ်ရှိနေမှန်း သိလာတယ်။

ဘဝမှာ အောင်မြင်မှုကြီးတွေက ရုတ်တရက်ရောက်မလာဘူး။ နေ့တိုင်း အစဉ်အမြဲလုပ်နေတဲ့ အလေ့အကျင့်သေးသေးလေးတွေ၊ ပင်ပန်းနေပေမယ့် လက်မလျှော့ဘဲ ဆက်လှမ်းတဲ့ ခြေလှမ်းတစ်လှမ်းချင်းစီ၊ မလုပ်ချင်တဲ့နေ့မှာတောင် "ဒီနေ့တော့ နည်းနည်းလေးပဲဖြစ်ဖြစ် လုပ်လိုက်မယ်" ဆိုတဲ့ ဆုံးဖြတ်ချက်လေးတွေကပဲ နောင်တစ်နေ့မှာ ကိုယ့်ဘဝကို ပြောင်းလဲပေးတာပါ။

ဒီ resistance band လေးကို လက်ဆောင်ပေးထားတဲ့သူရှိတယ်။ သူယောဂလုပ်ဖို့ ဝယ်လာတာ size ကမှားသွားတော့ ယူသုံးနော် ဆိုပြီးပေးခဲ့တာ။ ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်‌ေရာက်လာတဲ့ လကိဆောင်လေးကို ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်။

တန်ဖိုးက သားရေကြိုးတစ်ချောင်းပဲ ဖြစ်နိုင်ပေမယ့်၊ ကျွန်မအတွက်တော့ "ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မမေ့နဲ့" ဆိုတဲ့ သတိပေးလက်ဆောင်လေးလို ဖြစ်နေတယ်။ အဲဒီလို လက်ဆောင်လေးကြောင့်ပဲ အချိန်ရတိုင်း လေ့ကျင့်ခန်းလုပ်ဖို့ ကိုယ့်ကိုယ်ကို သတိရစေတယ်။

လူတော်တော်များများက ရလဒ်ကိုပဲ မြင်ကြတယ်။ ဒါပေမယ့် ရလဒ်ရဲ့နောက်ကွယ်မှာတော့ မရေမတွက်နိုင်တဲ့ "Every Move Counts" ဆိုတဲ့ ခြေလှမ်းသေးသေးလေးတွေ ရှိတယ်။

မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်တဲ့နေ့၊ ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်ကို ရွေးစားတဲ့အချိန်၊ စိတ်ပျက်နေပေမယ့် မရပ်ဘဲ ဆက်ကြိုးစားတဲ့ မိနစ်တိုင်းက အနာဂတ်ကောင်းတစ်ခုကို တည်ဆောက်နေတဲ့ အုတ်ခဲလေးတွေပါ။

ဒါကြောင့် ဒီနေ့ ကိုယ်လုပ်နိုင်တာ သေးသေးလေးဖြစ်နေလို့ စိတ်မလျှော့ပါနဲ့။ မိနစ် ၁၀ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ စာတစ်မျက်နှာဖတ်တာပဲဖြစ်ဖြစ်၊ ကိုယ့်အိပ်မက်ဆီကို ခြေလှမ်းတစ်လှမ်းတိုးလိုက်တာပဲဖြစ်ဖြစ်…

ဘယ်လောက်သေးသေး အဲဒီအရွေ့တိုင်းက အဓိပ္ပါယ်ရှိပါတယ်။
Every Move Counts.

ဘဝကို ပြောင်းလဲတာက ကြီးမားတဲ့ ခုန်ပျံမှုတွေမဟုတ်ဘူး… နေ့တိုင်း မရပ်မနား ရှေ့ဆက်နေတဲ့ ခြေလှမ်းသေးသေးလေးတွေပဲ။ 💗

ဒီစာလေးကလဲ ကိုယ့်ရဲ့ခြေလှမ်းသေးသေးလေး တစ်ခုပါပဲ 💖

#15.07.2026

#အတွေး
#စေတနာ

မကြာသေးခင်က ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခု မေးကြည့်မိတယ်..."ငါ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဘာလဲ..."အဖြေက ငယ်ငယ်တုန်းကနဲ့ အခုခ...
13/07/2026

မကြာသေးခင်က ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခု မေးကြည့်မိတယ်...
"ငါ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဘာလဲ..."

အဖြေက ငယ်ငယ်တုန်းကနဲ့ အခုချိန်မှာ လုံးဝမတူတော့ဘူး။
ငယ်ငယ်တုန်းက မုန့်ဟင်းခါးတစ်ပွဲကို ကိုယ်တစ်ယောက်တည်း စားရရင် တစ်နေ့လုံး ပျော်နေတတ်တယ်။ အမေက မုန့်ဖိုးပိုပေးတဲ့နေ့၊ ကိုယ်ကြိုက်တဲ့ မုန့်တစ်ခုဝယ်စားရတဲ့နေ့ဆိုရင် အဲဒီနေ့က အကောင်းဆုံးနေ့ပဲ။

အခုတော့ ဘဝက သင်ပေးလိုက်တာတွေ များလာပြီ။
တစ်ညလုံး အနှောင့်အယှက်မရှိဘဲ အိပ်ရေးဝဝ အိပ်ခွင့်ရတာက မင်္ဂလာတစ်ခု။ စားချင်တဲ့အချိန် စားချင်တာ စားနိုင်တာက ကျေးဇူးတင်ရမယ့်အရာတစ်ခု။ မနက်အိပ်ရာနိုးတိုင်း ကိုယ်ချစ်ရတဲ့သူတွေ ကျန်းမာနေသေးတာက ဆုလာဘ်တစ်ခု။

အရင်ကတော့ ပျော်ရွှင်မှုကို အဝေးမှာပဲ လိုက်ရှာနေခဲ့မိတယ်။ "ဒီတစ်ခုရရင် ပျော်မယ်... ဟိုတစ်ခုဖြစ်ရင် ပျော်မယ်..." လို့ ထင်ခဲ့တယ်။
ဒါပေမယ့် နောက်ဆုံး သိလာတာက ပျော်ရွှင်မှုက ရှေ့မှာ စောင့်မနေဘူး။
လိုချင်တာတွေရလာပေမယ့် ပျော်ရွှင်မှုက မျှော်လင့်သလောက်လဲ ဟုတ်မနေဘူး။

ကိုယ်ဖြတ်သန်းနေတဲ့ နေ့ရက်တွေထဲမှာပဲ တိတ်တိတ်လေး ရှိနေတာ။
ကိုယ်က မရသေးတဲ့အရာတွေကိုပဲ ကြည့်နေမိလို့ မမြင်ခဲ့တာ။

ဒီနေ့ အေးအေးချမ်းချမ်း ကုန်ဆုံးသွားရင်၊ ကိုယ်ချစ်ရတဲ့သူတွေ အဆင်ပြေနေရင်၊ ကိုယ်လည်း ကျန်းမာပြီး အလုပ်လုပ်နိုင်နေသေးရင်... ဒါက ဘဝက ပေးထားတဲ့ အကြီးဆုံးလက်ဆောင်ဆိုတာ ယုံကြည်လာတယ်။

အသက်အရွယ်က ကြီးလာတာထက်၊ ဘာကို "ပျော်ရွှင်မှု" လို့ ခေါ်ရမလဲဆိုတာကို နားလည်လာတာက ပိုအဖိုးတန်တယ်။

13.07.2026

#နေ့စဉ်
#အတွေး

ဘဝမှာ အများကြီးကြုံလာခဲ့ပြီးတဲ့နောက်၊ ဆရာတွေဆီက သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေနဲ့ ကိုယ်တိုင်ဘဝက သင်ပေးခဲ့တဲ့ အတွေ့အကြုံတွေကို...
11/07/2026

ဘဝမှာ အများကြီးကြုံလာခဲ့ပြီးတဲ့နောက်၊ ဆရာတွေဆီက သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေနဲ့ ကိုယ်တိုင်ဘဝက သင်ပေးခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်စဉ်းစားကြည့်တိုင်း နောက်ဆုံးမှာ နားလည်လာတာတစ်ခုရှိတယ်။

စိတ်ချမ်းသာတဲ့လူတစ်ယောက် ဖြစ်ဖို့ဆိုတာ ထင်ထားသလောက် အများကြီးမလိုဘူးဆိုတာပါပဲ။

တစ်ချိန်ကတော့ ငွေများရင် ပျော်မယ်၊ အောင်မြင်ရင် ပျော်မယ်၊ ကိုယ်လိုချင်တဲ့အရာတွေအားလုံး ရလာရင် ပျော်မယ်လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် ဘဝက တဖြည်းဖြည်း သင်ပေးလာတာက စိတ်ချမ်းသာမှုဆိုတာ အပြင်ပစ္စည်းတွေထက် ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာလေးတွေရဲ့ တန်ဖိုးကို သိတတ်လာတဲ့အချိန်မှာ စတင်လာတာဖြစ်တယ်။

ဒီနေ့ ကိုယ်ကျန်းမာနေတယ်။ ကိုယ်ချစ်တဲ့ မိသားစုတွေ အသက်ရှင်ပြီး ဘေးကင်းကင်းနဲ့ ရှိနေကြတယ်။ ဒီအရာနှစ်ခုပဲ ရှိနေရင်တောင် ကျေးဇူးတင်စရာတွေ အများကြီးရှိနေပြီဆိုတာ နားလည်လာတယ်။

အရင်ကတော့ ဝေးနေလို့ ဝမ်းနည်းခဲ့ဖူးတယ်။ အနားမှာ မရှိနိုင်လို့ အားငယ်ခဲ့ဖူးတယ်။ ဒါပေမယ့် အချိန်တွေကြာလာတော့ ဝေးခြင်း၊ နီးခြင်းဆိုတာထက် "ဒီလူတွေ အသက်ရှင်နေသေးတယ်၊ ကျန်းကျန်းမာမာနဲ့ ဘေးကင်းနေကြတယ်" ဆိုတဲ့ အချက်ကပဲ အရေးကြီးဆုံးဖြစ်လာတယ်။ Video Call တစ်ခေါ်လောက်နဲ့ "ဒီနေ့ အဆင်ပြေရဲ့လား" လို့ မေးနိုင်သေးတာ၊ အသံလေးကြားရသေးတာ၊ အပြုံးလေးမြင်ရသေးတာဟာ ဘယ်လောက်တန်ဖိုးကြီးတဲ့ ပျော်ရွှင်မှုလဲဆိုတာ ဘဝက သင်ပေးခဲ့တယ်။

ဘဝဆိုတာ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး။ ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေ အသက်ရှင်ပြီး ဘေးကင်းနေသေးတဲ့ နေ့တိုင်းဟာ လက်ဆောင်တစ်ခုလိုပဲ။ တချို့လူတွေက ဒီလက်ဆောင်ကို ဆုံးရှုံးပြီးမှ တန်ဖိုးသိရတယ်။ တချို့ကတော့ ရှိနေတုန်းကတည်းက ကျေးဇူးတင်တတ်ကြတယ်။

တကယ်တော့ စိတ်ချမ်းသာဖို့ အများကြီးမလိုပါဘူး။ ကိုယ်ချစ်တဲ့သူတွေ ဘေးကင်းနေခြင်း၊ ကိုယ်တိုင် ကျန်းမာနေခြင်း၊ ဒီနေ့ကို အတူတူ ဖြတ်သန်းနိုင်သေးခြင်း... ဒီရိုးရှင်းတဲ့ အရာလေးတွေကပဲ ဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုတွေ ဖြစ်နေခဲ့တာပါ။


#11.07.2026
#နေ့စဉ်
#အတွေးတစ်စ

အမေ့နဲ့ ပါပါးဆီကို ပြီးခဲ့တဲ့ နှစ်ရက်က ပစ္စည်းတွေ ပို့ပေးလိုက်တယ်။ ဒီနေ့ စင်ကာပူမှာ ပစ္စည်းသွားပို့ပြီး မနက်ဖြန်ဆို ရန်က...
08/07/2026

အမေ့နဲ့ ပါပါးဆီကို ပြီးခဲ့တဲ့ နှစ်ရက်က ပစ္စည်းတွေ ပို့ပေးလိုက်တယ်။ ဒီနေ့ စင်ကာပူမှာ ပစ္စည်းသွားပို့ပြီး မနက်ဖြန်ဆို ရန်ကုန်ရောက်တယ်။ သယ်ပေးတဲ့အကိုကလည်း စေတနာအရမ်းကောင်းတယ်။ ပစ္စည်းတွေကို သေချာဂရုစိုက်သယ်ပေးတဲ့အပြင် ရေခဲထားဖို့လိုတဲ့ စားစရာတွေ၊ အသီးအနှံတွေကိုလည်း သူ့အိမ်က ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားပေးတယ်။ လေဆိပ်သွားခါနီးမှ ထုတ်ပြီး တစ်ခါတည်း သယ်သွားပေးတာ။

ဆေး‌ဗူးတွေဆိုလဲ တခြားသယ်ပေးတဲ့သူတွေဆို ဘယ်နဗူးပဲ သယ်ပေးမယ် မသယ်ဘူး သယ်မယ် နဲ့ အများကြီး‌ပြောရတာ သူက အကုန်သယ်ပေးတယ်။

အမေတို့ စင်ကာပူလာလည်တုန်းက ဒူးရင်းသီးဆို "မောင်းစမ်းဝမ်" ပဲ ဝယ်ကျွေးဖြစ်တယ်။ အဲဒီတစ်ခါစားပြီးကတည်းက အမေရော ပါပါးရော အဲဒီအရသာကို စွဲသွားကြတယ်။ "မောင်းစမ်းဝမ်" က ချိုခါး အရသာ အသားများတယ် အစေ့သေးတယ် မြန်မာဒူးရင်းသီးကောင်း အရသာပဲ မြန်မာသီးက အစေ့ကြီးပြီး အသားနည်းတယ်။

ရန်ကုန်မှာ ဒူးရင်းသီးအမျိုးမျိုး ဝယ်စားကြည့်ပေမယ့် "မောင်းစမ်းဝမ်" လောက်တော့ မကောင်းဘူးလို့ အမြဲပြောတတ်ကြတယ်။ တချို့ အသီးတွေ ကောင်းကောင်းလေး ရွေးနိုင်တာတောင် ထည့်ခါနီးဆို မကောင်းတဲ့အသီး လဲထည့်ပေးတာလဲ ကြုံရတယ်တဲ့။

အမေက "ရန်ကုန်မှာစားတာက အာသာပြေရုံပေါ့ သမီးရယ်။ အရသာက သိပ်မကြိုက်ဘူး။ မွန်ထောင်းလည်း အသားများပေမယ့် အရသာက ပေါ့တယ်" လို့ ပြောဖူးတော့ ဒီတစ်ခေါက်ပို့တဲ့အထဲမှာ အမေတို့အကြိုက် "မောင်းစမ်းဝမ်" ဒူးရင်းသီးကို ထည့်ပို့ပေးဖို့ စိတ်ကူးရသွားတယ်။ ဒူးရင်းသီးဝယ်ပြီး အသားနွှင်၊ အစေ့တွေဖယ်၊ သေချာရေခဲ‌‌ သေတ္တာထဲမှာ ခဲထားလိုက်တယ်။

ပို့ခါနီးမှ ရေခဲသေတ္တာထဲက ထုတ်ပြီး အထပ်ထပ် လုံအောင်ထုပ်ပိုးကာ သယ်ပေးမယ့်အကိုအိမ်ကို သွားပို့ပြီး "အကိုရေ... တခြားပစ္စည်းတွေက ဒီအတိုင်းသယ်လို့ရတယ်။ ဒီဒူးရင်းသီးလေးတော့ အခဲခန်းထဲမှာ ထည့်ထားပေးနော်။ မနက်ဖြန် လေဆိပ်သွားခါနီးမှ ထုတ်ပြီး သယ်ပေးပါ" လို့ သေချာမှာခဲ့တယ်။ ပို့ခလည်း လွှဲပေးပြီး အိမ်ပြန်လာခဲ့တယ်။

ပစ္စည်းတွေ အိမ်ရောက်ရောက်ချင်း အမေ့ကို video call ခေါ်ပြီး "အမေ... ဒူးရင်းသီးကို အရင်ဖောက်ပြီး စားကြည့်နော်" လို့ ပြောလိုက်တယ်။ ခဏနေတော့ ပါပါးက စားကြည့်ပြီး "ချိုခါးလေး... စားကောင်းလိုက်တာ" လို့ ပြောတယ်။ အဲဒီစကားလေးတစ်ခွန်း ကြားလိုက်၊ မြင်လိုက်ရတာနဲ့ ကိုယ်လည်း ပျော်လိုက်တာ။

အဝေးမှာနေရပေမယ့် သူတို့ကြိုက်တဲ့အရသာကို ပြန်ပြီး ကျွေးခွင့်ရသွားတာကို တွေးရင်း စိတ်ထဲမှာ ကျေနပ်မိတယ်။ တချို့စေတနာတွေက အရမ်းကြီးခမ်းနားတဲ့အရာ မဟုတ်ဘူး။ ကိုယ်ချစ်ရတဲ့သူတွေ စားချင်တဲ့အရာကို စိတ်တိုင်းကျ စားခွင့်ရစေချင်တဲ့ စိတ်လေးတစ်ခုပဲ ဖြစ်တယ်။ သူတို့စားနိုင်တုန်း ကျွေးခွင့်ရတယ် ဒါက ပြည့်စုံခြင်း လို့ မှတ်ယူတယ်။

သူတို့ရဲ့ "ချိုခါးလေး... စားကောင်းလိုက်တာ" ဆိုတဲ့ စကားတစ်ခွန်းကပဲ ပို့ပေးရတဲ့ အချိန်တွေ၊ ပင်ပန်းမှုအားလုံးကို တန်ဖိုးရှိသွားစေတယ်။

#အိမ် #မိဘ #ဒူးရင်းသီး

ပြီးခဲ့တဲ့အပတ်က Video Call ခေါ်လိုက်တာနဲ့ အမေ အရင်ဆုံးပြောတာက..."နင့်အဖေနဲ့ ငါနဲ့ မခေါ်ထားဘူး... " တဲ့။ကြားလိုက်တာနဲ့ စိ...
02/07/2026

ပြီးခဲ့တဲ့အပတ်က Video Call ခေါ်လိုက်တာနဲ့
အမေ အရင်ဆုံးပြောတာက...
"နင့်အဖေနဲ့ ငါနဲ့ မခေါ်ထားဘူး... " တဲ့။

ကြားလိုက်တာနဲ့ စိတ်ထဲကတော့ ကလေးတွေ စိတ်ကောက်ကြပီလို့ ပြုံးရင်း
"ဘာဖြစ်လို့လဲ" လို့ မေးတော့ အမေက...
"ခါးအရမ်းနာနေလို့ ခါးပတ်တောင် ပတ်ထားရတယ်လေ အဲ့ဒါ အိမ်သာထဲမှာ မိုးယိုလို့ ဖာထားတာ မိုးရေယိုသေးလား မယိုတော့ဘူးလား ကြည့်ပေးပြောတာ အိမ်ရှေ့တံခါးလေး မပိတ်ရသေးဘူး ဆိုပြီး အကူအညီတောင်းတာ မကြားဘဲ ထွက်သွားလို့ စိတ်ဆိုးနေတာ" လို့ ပြောတယ်။

ပါပါးက နားသိပ်မကောင်းတော့ တစ်ခါတလေ ပြောတာကို မကြားတတ်ဘူး။ တချို့အချိန်တော့ ကြားတယ်၊ တချို့အချိန်တော့ မကြားဘူး။ အမေကတော့ နာကျင်နေတဲ့အချိန်မှာ ကိုယ့်ဘေးနားကလူက အကူအညီမပေးဘူးလို့ ထင်ပြီး စိတ်မကောင်းဖြစ်တာပေါ့။

အဲ့ဒီအချိန်မှာ ဆုစဉ်းစားမိတာက...
အသက်ကြီးလာတဲ့အခါ အချစ်ဆိုတာ ကြီးကြီးမားမား လက်ဆောင်တွေပေးနိုင်တာ၊ အံ့ဩစရာတွေ ဖန်တီးပေးနိုင်တာ မဟုတ်တော့ဘူး။ "တစ်ယောက်ပြောတာကို တစ်ယောက်ကနားထောင်ပေးတာ၊ လိုအပ်တာလေး ကူပေးတာ၊ အနားမှာ ရှိနေပေးတာ" ကပဲ အကြီးမားဆုံး မေတ္တာဖြစ်လာတယ်။

အိုမင်းလာတဲ့ လူနှစ်ယောက် အတူနေတဲ့ဘဝမှာ ပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး။ တစ်ယောက်က နားမကောင်းလာတယ်။ တစ်ယောက်က ခါးနာလာတယ်။ တစ်ယောက်က မေ့လာတယ်။ တစ်ယောက်က အားနည်းလာတယ်။ ဒါပေမဲ့ အဲ့ဒီလို လိုအပ်ချက်တွေကို အပြစ်မမြင်ဘဲ တစ်ယောက်လိုအပ်တာကို တစ်ယောက်က ဖြည့်တွေးပေးနိုင်ရင်၊ အဲ့ဒါက အသက်ကြီးတဲ့အချစ်ရဲ့ အလှဆုံးပုံစံလို့ ထင်မိတယ်။

ဆု ကတော့ အဝေးမှာနေရတဲ့ သမီးတစ်ယောက်ဖြစ်တဲ့အတွက်
Video Call ထဲကနေပဲ အမေ့ခါးနာတာကို ကြည့်ရတယ်။ ပါပါး နားမကြားလို့ အမေစိတ်ဆိုးနေတာကို နားထောင်ရတယ်။ သူတို့နှစ်ယောက်ကြား ဝင်ပြီး ကူညီပေးချင်ပေမယ့် မတတ်နိုင်ဘူး။

အဲဒီအချိန်တိုင်း "ဒီနေ့ ငါသာ အိမ်မှာရှိနေရင်..." ဆိုတဲ့ အတွေးက ရင်ထဲကို ထိုးဝင်လာတတ်တယ် စိတ်မကောင်းဖြစ်မိတဲ့အချိန်တွေရှိတယ် ဒါကို အိမ်ရဲ့အဝေးမှာ ရောက်သူတွေပဲ နားလည်နိုင်လိမ့်မယ် ထင်တယ်။

ဒါပေမဲ့ တစ်ဖက်ကလည်း ကျေးဇူးတင်မိတယ်။
အဖေနဲ့အမေဟာ အခုထိ တစ်ယောက်ဘေးမှာ တစ်ယောက်ရှိနေသေးတယ်။ စိတ်ဆိုးကြတယ်၊ စကားများကြတယ်၊ နားလည်မှုလွဲကြတယ်... ဒါပေမဲ့ နောက်ဆုံးတော့ အတူတူပဲ ရှိနေကြတယ်။

တစ်ခါတလေ ဆုတို့က မရှိသေးတာကိုပဲ မြင်ပြီး စိတ်ညစ်နေတတ်ကြတယ်။ တကယ်တမ်းတော့ "အခုထိ တစ်ယောက်ဘေးမှာ တစ်ယောက်ရှိနေပေးနိုင်သေးတာ" က ဘယ်လောက်တောင် တန်ဖိုးကြီးတဲ့ ကံကောင်းခြင်းလဲဆိုတာ မေ့နေတတ်ကြတယ်။

မိဘတွေ အရွယ်ရလာတဲ့အခါ အနိုင်အရှုံးထက် နားလည်ပေးခြင်းက ပိုအရေးကြီးတယ်။ အပြစ်တင်တာထက် ဖြည့်တွေးပေးတာက ပိုလိုအပ်တယ်။

ဘာကြောင့်လဲဆိုတော့ အချိန်က သူတို့ကို နည်းနည်းချင်း အားနည်းလာစေသလို၊ ကျွန်မတို့နဲ့ အတူရှိနေရမယ့် အချိန်တွေကိုလည်း နည်းနည်းချင်း လျော့လာနေပြီ တစ်နည်းအားဖြင့်ပြောရရင် နှုတ်ဆက်ရမယ့် အချိန်တွေဟာ ပိုနီးလာတယ်လို့ ဆိုနိုင်တယ် သူတို့က နှုတ်ဆက်တာဖြစ်နိုင်သလို ကိုယ်ကလဲ နှုတ်ဆက်တာဖြစ်နိုင်တယ်။

ဒါကြောင့်...
ကိုယ့်ဘေးမှာ ရှိနေတဲ့သူကို တန်ဖိုးထားပါ။ သူ့ရဲ့ လိုအပ်ချက်လေးတွေကို အတတ်နိုင်ဆုံး ဖြည့်ပေးပါ။ မပြည့်စုံလို့ စိတ်ဆိုးရမယ့်အစား "အခုထိ ငါတို့အတူရှိနေသေးတယ်" ဆိုတဲ့ အချက်လေးအတွက် ကျေးဇူးတင်ကြည့်ရအောင်။

ဘဝမှာ တချို့သော ပျော်ရွှင်မှုတွေဟာ အထူးအဆန်းကြီး မဟုတ်ပါဘူး။ ချစ်ရတဲ့သူတွေ ၊ မိဘတွေ ကိုယ့်ဘေးမှာ အခုထိ ရှိနေပေးတာ မရှိနေပေးတာထက် သူတို့ ကျန်းမာ ဘေးကင်းနေတာ‌က အကြီးမားဆုံး မင်္ဂလာတစ်ခု ဖြစ်နေပါပြီ။

#02.07.2026

#ဆု #မိဘ #အိမ်

အမေ့ကို "အမေ... ဘာလိုလဲ၊ ဘာပို့ပေးရမလဲ" လို့ မေးလိုက်တိုင်း အမေ့အဖြေက အမြဲတမ်း တစ်ခုပဲ..."ကီလိုခတွေ ဈေးကြီးရကြီးနဲ့ ဘာမှ...
01/07/2026

အမေ့ကို "အမေ... ဘာလိုလဲ၊ ဘာပို့ပေးရမလဲ" လို့ မေးလိုက်တိုင်း အမေ့အဖြေက အမြဲတမ်း တစ်ခုပဲ...

"ကီလိုခတွေ ဈေးကြီးရကြီးနဲ့ ဘာမှမပို့နဲ့ သမီးရေ..."

အဲဒီအဖြေကို ကြိုသိပြီးသားပါ။ ဒါပေမယ့် မေးဖြစ်တယ်။ အမေလည်း အမြဲအဲဒီလိုပဲ ပြန်ဖြေတယ်။

ဒါပေမယ့် ၂ /၃ လတစ်ခါလောက်တော့ မပျက်မကွက် ပို့ပေးဖြစ်တယ်။ သူတို့လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ နေ့စဉ်အသုံးဝင်တဲ့ပစ္စည်းလေးတွေပေါ့။

လူတချို့က "ပိုက်ဆံလွှဲပေးနေရင် ရပြီလေ၊ ဘာလို့ ပစ္စည်းတွေ ထပ်ပို့နေတာလဲ" လို့ မေးကြတယ်။

တကယ်တော့ မတူပါဘူး။
ပိုက်ဆံက တန်ဖိုးရှိတယ် ဒါပေမယ့် ကိုယ်တိုင်ရွေးချယ်ပြီး ထုပ်ပိုးပို့ပေးတဲ့ ပစ္စည်းတစ်ခုချင်းစီထဲမှာတော့ စေတနာ၊ မေတ္တာနဲ့ သတိရခြင်းတွေ ပါဝင်နေတယ်။

စင်ကာပူမှာ ရောင်းတဲ့ ပစ္စည်းတွေကို အမေနဲ့ အဖေ သုံးစေချင်တယ်။ ဒီမှာ စားတဲ့ အစားအသောက်တွေကိုလည်း မြည်းစမ်းစေချင်တယ်။ "ငါ့သမီးရှိတဲ့နိုင်ငံက ပစ္စည်းလေးတွေ" ဆိုတဲ့ ခံစားချက်လေးကိုလည်း သူတို့ရစေချင်တယ်။

ဟုတ်ပါတယ်... မြန်မာမှာ ဝယ်ရင် ပိုဈေးသက်သာတာတွေ အများကြီးရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အရည်အသွေးပိုင်းမှာတော့ စင်ကာပူကို တင်သွင်းရောင်းချတဲ့ ပစ္စည်းတွေက စံချိန်စံညွှန်းပိုင်းမှာ ပိုစိတ်ချရတယ်လို့ ယုံကြည်မိတယ်။

ဒါကြောင့် ဈေးပိုကုန်ရင်တောင် မိဘတွေကို အရည်အသွေးကောင်းကောင်း သုံးစေချင်တယ်။ အစားအသောက်ကောင်းကောင်း စားစေချင်တယ်။ အသက်ကြီးလာတဲ့အချိန်မှာ ကျန်းမာရေးအတွက် ပိုအကျိုးရှိတဲ့အရာတွေကို ရွေးချယ်ပေးချင်တယ်။ သူတို့ကို ပိုကျန်းကျန်းမာမာလေး အသက်ရှည်ရှည်နေစေချင်တယ်။

မိဘတွေကတော့ "မလိုဘူး" လို့ပဲ အမြဲပြောကြတယ်။ ဒါပေမယ့် ဆုအတွက်တော့ မိဘတွေအပေါ်ထားတဲ့ မေတ္တာက "မလိုဘူး" ဆိုတဲ့ စကားနဲ့ မရပ်တန့်သွားဘူး။

ကိုယ်တတ်နိုင်နေသရွေ့ ပေးချင်တယ်။ ကိုယ်ရှိနေသရွေ့ ဂရုစိုက်‌‌ချင်တယ်။ ကိုယ်လုပ်ပေးနိုင်တဲ့ အချိန်မှာ အကောင်းဆုံးတွေကိုပဲ လုပ်ပေးချင်တယ်။

ဘာလို့လဲဆိုတော့...
မိဘတွေဆိုတာ ကိုယ်တတ်နိုင်တဲ့တစ်နေ့မှာ အကောင်းဆုံးတွေပေးရမယ့်အဖိုးတန်ဆုံးလူတွေမို့ပါ။ ❤️


#မိဘ
#စေတနာ

လူအများစုက "Action သေးသေးလေးတွေကနေ ကြီးမားတဲ့အောင်မြင်မှုတွေ ဖြစ်လာတယ်" လို့ပြောရင် သိပ်မယုံချင်ကြဘူး။ဘာလို့လဲဆိုတော့ လူ...
30/06/2026

လူအများစုက "Action သေးသေးလေးတွေကနေ ကြီးမားတဲ့အောင်မြင်မှုတွေ ဖြစ်လာတယ်" လို့ပြောရင် သိပ်မယုံချင်ကြဘူး။

ဘာလို့လဲဆိုတော့ လူတွေက နောက်ဆုံးရလဒ်ကိုပဲ မြင်ကြပြီး အဲဒီရလဒ်ရဖို့ နေ့တိုင်းလုပ်ခဲ့တဲ့ အသေးအမွှားအလေ့အကျင့်တွေကို မမြင်ကြလို့ပါ။

တကယ်တော့ ဘဝဆိုတာ နေ့ရက်တိုင်း ရွေးချယ်မှုတွေနဲ့ တည်ဆောက်နေတာပါ။ မနက်အိပ်ရာနိုးချိန်ကနေ ညအိပ်ရာဝင်ချိန်အထိ ဆုံးဖြတ်ချက်ပေါင်းများစွာ ချနေကြရပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေက သေးငယ်လို့ အရေးမကြီးဘူးလို့ ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဘဝကို လုံးဝပြောင်းလဲပေးနိုင်ပါတယ်။

ဥပမာ အချိုရည်နဲ့ သောက်ရေကို ရွေးချယ်ရတဲ့အချိန်မှာ လူနှစ်ယောက်ရှိတယ်ဆိုပါစို့။ တစ်ယောက်က အချိုရည်ကိုပဲ ရွေးတယ်။ နောက်တစ်ယောက်ကတော့ သောက်ရေကို ပိုရွေးတယ်။ တစ်ရက်၊ နှစ်ရက်အတွင်းတော့ ဘာမှမထူးခြားသလို ထင်ရပေမယ့် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ ကျန်းမာရေး၊ ခန္ဓာကိုယ်၊ စွမ်းအင်နဲ့ နေထိုင်မှုပုံစံတွေက သိသိသာသာ ကွာခြားသွားပါတယ်။

အစားအသောက်၊ လေ့ကျင့်ခန်း၊ စာဖတ်ခြင်း၊ ငွေစုခြင်း၊ အချိန်စီမံခန့်ခွဲခြင်း… ဘယ်အရာမဆို အတူတူပါပဲ။ နေ့တိုင်းလုပ်တဲ့ Action သေးသေးလေးတွေကသာ နောင်တစ်နေ့မှာ ကိုယ့်ဘဝရဲ့ရလဒ်ကို ဆုံးဖြတ်ပေးတာပါ။
ဒီအကြောင်းကို ဆုကိုယ်တိုင်လည်း ကျင့်သုံးနေပါတယ်။ အရင်တုန်းကဆိုရင် "တစ်ရက်လောက်ပဲလေ" ဆိုတဲ့အတွေးနဲ့ အချိုရည်သောက်လိုက်တာ၊ လေ့ကျင့်ခန်းပျက်လိုက်တာ၊ ကျန်းမာရေးကို ပေါ့ပေါ့ဆဆထားလိုက်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Action သေးသေးလေးတွေကို ပြောင်းလဲကြည့်ခဲ့တယ်။

ရေကိုပိုသောက်တယ်၊ အချိုရည်ကို လျှော့တယ်၊ နေ့တိုင်း အချိန်နည်းနည်းပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တယ်၊ အစားအသောက်ကို နည်းနည်းပိုဂရုစိုက်တယ်။ အစပိုင်းမှာ ဘာမှမထူးသလို ထင်ရပေမယ့် လအနည်းငယ်ကြာလာတော့ ကိုယ်ခံအား၊ စွမ်းအင်နဲ့ စိတ်ခံစားချက်တွေတောင် ပိုကောင်းလာတာကို ကိုယ်တိုင်ခံစားခဲ့ရပါတယ်။

ဒါကြောင့် အခုဆိုရင် ဆုက ရလဒ်ကြီးကိုပဲ မျှော်မနေတော့ဘူး။ နေ့တိုင်း မှန်ကန်တဲ့ Action သေးသေးလေးတစ်ခုကိုပဲ အာရုံစိုက်တယ်။ ဘာလို့လဲဆိုတော့ အောင်မြင်မှုဆိုတာ တစ်ရက်တည်းနဲ့ ဖြစ်လာတာမဟုတ်ဘဲ နေ့တိုင်းလုပ်ခဲ့တဲ့ မှန်ကန်တဲ့ရွေးချယ်မှုတွေ စုပေါင်းထားတဲ့ ရလဒ်ဆိုတာကို ယုံကြည်လို့ပါ။

ဒီနေ့ သင်လုပ်တဲ့ Action သေးသေးလေးတစ်ခုကို ဘယ်တော့မှ အထင်မသေးပါနဲ့။ အဲဒီ Action လေးတွေကပဲ တစ်နှစ်၊ နှစ်နှစ်၊ ငါးနှစ်ကြာလာတဲ့အခါ သင်တောင် မထင်မှတ်ထားတဲ့ ဘဝတစ်ခုကို တိတ်တဆိတ် တည်ဆောက်ပေးနေတာ ဖြစ်ပါတယ်။

#နေ့စဉ်

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Glow Inside Out By Su posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Glow Inside Out By Su:

Shortcuts

Share