07/08/2026
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ ၇ ရက်အထိ
မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်များ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို သေချာစေသော အထိရောက်ဆုံးနည်းလမ်းများထဲမှတစ်ခု ဖြစ်ပါသည်။ မိခင်နို့တွင် ကလေးငယ်များ အသက်ရှင်သန် ကြီးပြင်းရန် လိုအပ်သောအာဟာရဓာတ်များ ပြည့်စုံစွာပါဝင်ပြီး ကျန်းမာစွာကြီးထွားဖွံ့ဖြိုးမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါသည်။ ထို့အပြင် ကလေးများတွင် အဝလွန်ခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးပြီး ရောဂါပိုးမွှားများကို တိုက်ဖျက်နိုင်စွမ်းကို မြှင့်တင်ပေးသည့်အတွက် မိခင်နို့သည် ကလေး ငယ်များအတွက် ပထမဆုံးသောကာကွယ်ဆေးကဲ့သို့ လုပ်ဆောင်ပေးကာ ပြင်းထန်သောရောဂါများမှ ကာကွယ်ပေးပါသည်။ မိခင်များအတွက်လည်း မိခင်နို့တိုက်ကျွေးခြင်းသည် ရင်သားကင်ဆာနှင့် သားဥ အိမ်ကင်ဆာ၊ အမျိုးအစား(၂)ဆီးချိုရောဂါနှင့် အခြားသောမကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေ ကို လျှော့ချပေးပါသည်။
ယခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် ဆောင်ပုဒ်မှာ “ဘဝ၏ရေရှည်တည်တံ့သော အစပြုမှုအတွက် မိခင်နို့ချိုတိုက်ကျွေးစို့ - ထိရောက်သည့်နည်းလမ်းများကို မြှင့်တင်လို့၊ ပိုမိုခိုင်မာအောင် အကောင်အထည်ဖော်ကြပါစို့” (“Breastfeeding for a Sustainable Start in Life: Strengthen What Works”) ဖြစ်ပါသည်။ ဤဆောင်ပုဒ်သည် ထိရောက်မှုရှိပြီးသားနည်းလမ်းများကို ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော်ရန်နှင့် မိခင်နှင့်ကလေးတိုင်းထံသို့ ထိရောက်သောအထောက်အပံ့နှင့် ဝန်ဆောင်မှု များရောက်ရှိစေရန် တိုက်တွန်းထားခြင်းဖြစ်ပါသည်။
မွေးဖွားပြီးနောက် ပထမဆုံးတစ်နာရီအတွင်းသည် အရေးကြီးပြီး အသက်ကယ်တင်နိုင်သည့် အချိန် ကာလတစ်ခုဖြစ်ပါသည်။ မွေးဖွားပြီး မကြာမီ မိခင်နို့စတင်တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးများ အသက်ရှင်သန်နိုင်ရေးအတွက် အထိရောက်ဆုံးသော ဆောင်ရွက်ချက်များထဲမှတစ်ခုဖြစ်ပါသည်။ ထို့အပြင် အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း (Exclusive Breastfeeding - EBF) သည် ကလေးသေဆုံးမှုကို ကာကွယ်လျှော့ချနိုင်သည့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များအနက် အကြီးမားဆုံး အကျိုးသက်ရောက်မှုရှိသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
မည်သည့်နည်းလမ်းများက ထိရောက်မှုရှိသည်ကို ကျွန်ုပ်တို့သိရှိပြီးဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် မိခင်နို့တိုက်ကျွေးရေး အကြံပေးဆွေးနွေးမှုများ၊ ခွဲစိတ်မွေးဖွားသည့် မိခင်များအပါအဝင် မွေးဖွားချိန်တွင် ကျွမ်းကျင်သူများ၏ အထောက်အပံ့ပေးမှု၊ မိခင်နို့တိုက်ကျွေးရန် အထောက်အကူပြုသော ဆေးရုံများ၏ လုပ်ထုံးလုပ်နည်းများ၊ မွေးဖွားပြီးချင်း မိခင်နှင့်ကလေးကို အရေပြားချင်းထိတွေ့ထားပေးခြင်း (Skin-to-Skin Contact)၊ မိခင်နှင့်မွေးကင်းစကလေးများကို မလိုအပ်ဘဲခွဲခြားထားခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် မွေးဖွားပြီးနောက် ဆက်လက်၍ မိခင်နို့တိုက်ကျွေးနိုင်ရန် အထောက်အပံ့ပေးခြင်းတို့သည် မိခင်နို့ကို စောစီးစွာ စတင်တိုက်ကျွေးမှုနှင့် အသက်၆လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးမှုနှုန်းများကို သိသိသာသာ တိုးတက်စေနိုင်ပါသည်။
ကမ္ဘာလုံးဆိုင်ရာနှင့်ဒေသတွင်း မူဝါဒမူဘောင်များသည် မိခင်နို့တိုက်ကျွေးရေးဆိုင်ရာ ကြိုးပမ်းအား ထုတ်မှုများကို အထောက်အကူပြုလျက်ရှိပါသည်။ ကလေးတိုင်းတွင် ကောင်းမွန်သောအာဟာရ ရရှိခွင့် ရှိကြောင်း ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (UN Convention on the Rights of the Child) တွင် ဖော်ပြထားပြီး နိုင်ငံများအနေဖြင့် မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူး များကို မြှင့်တင်ပေးရန်တာဝန်ရှိပါသည်။ WHO/UNICEF ၏ မွေးကင်းစနှင့်ကလေးငယ်များ အာဟာရကျွေးမွေးခြင်းဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာ (Global Strategy for Infant and Young Child Feeding) တွင် မိခင်နို့တိုက်ကျွေးရေးအတွက် အထောက်အကူပြုသော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင် ရန် အစိုးရများနှင့်သက်ဆိုင်သူများ၏တာဝန်များကို သတ်မှတ်ထားပါသည်။ ထို့အပြင် Baby-Friendly Hospital Initiative (BFHI) သည် မိခင်နို့တိုက်ကျွေးရေးအောင်မြင်စေရန် အဆင့် ၁၀ ဆင့် (Ten Steps to Successful Breastfeeding) ကို ကျန်းမာရေးဌာနများတွင် အကောင်အထည်ဖော်နိုင်ရန် အားပေး မြှင့်တင်ပေးပါသည်။
အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါမူဘောင်များကို အကောင်အထည်ဖော်နိုင်ရန် အထောက်အပံ့ပေး သည့်အနေဖြင့် WHO အရှေ့တောင်အာရှဒေသရုံး (WHO South-East Asia Regional Office) သည် ကျန်းမာရေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများတွင် မိခင်နို့တိုက်ကျွေးရေး အထောက်အပံ့ပေးမှုများ ကို လက်တွေ့အကောင်အထည်ဖော်ရန်၊ စောင့်ကြည့်ရန်နှင့် ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန် အထောက်အကူပြုမည့် ကျန်းမာရေးဌာနအခြေပြု မိခင်နို့တိုက်ကျွေးရေး စောင့်ကြည့်အကဲဖြတ်နိုင်ရန် နည်းလမ်းများကို ပြုစုထားပါသည်။ ယင်းနည်းလမ်းများသည် နိုင်ငံများ၏ ကျန်းမာရေးစနစ်များတွင် ရှိနေသည့် အရင်းအမြစ်နှင့်စွမ်းဆောင်ရည် အကန့်သတ်ချက်ရှိနေမှုများကို ထည့်သွင်းစဉ်းစားထား ပါသည်။
သို့သော် တိုးတက်မှုများမှာ နိုင်ငံအလိုက် မတူညီကြပါ။ ယခင်က WHO အရှေ့တောင်အာရှဒေသသည် ကမ္ဘာပေါ်တွင် မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးမှု (EBF) အကောင်းဆုံး ဆောင်ရွက်နိုင်သည့် ဒေသများ အနက် တစ်ခုဖြစ်ခဲ့သော်လည်း မကြာသေးမီက အချက်အလက်များအရ အချို့နိုင်ငံများတွင် တိုးတက်မှု ရပ်တန့်လာနေကြောင်း တွေ့ရှိရပါသည်။ အိန္ဒိယနိုင်ငံတွင် မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးမှုနှုန်းသည် ၂၀၁၉/၂၀၂၁ခုနှစ်တွင် ၆၃.၇ရာခိုင်နှုန်းမှ ၂၀၂၃/၂၀၂၄ခုနှစ်တွင် ၅၅.၈ရာခိုင်နှုန်းသို့ လျော့ကျလာ ခဲ့ပါသည်။ ထို့အပြင် မွေးဖွားပြီးတစ်နာရီအတွင်း မိခင်နို့စောစီးစွာစတင်တိုက်ကျွေးမှုနှုန်းမှာလည်း နိုင်ငံအလိုက်မတူညီဘဲ ထိုင်းနိုင်ငံတွင် ၃၀ရာခိုင်နှုန်းမှ သီရိလင်္ကာနိုင်ငံတွင် ၉၀ရာခိုင်နှုန်းအထိ ကွာခြား လျက်ရှိပါသည်။
WHO မှ နိုင်ငံများအား အောက်ပါအချက်များကို တိုက်တွန်းထားပါသည် -
• ခွဲစိတ်မွေးဖွားသည့်မိခင်များနှင့် အထူးကြပ်မတ်ကုသမှုလိုအပ်သည့် မွေးကင်းစကလေးများအပါအဝင် ကိုယ်ဝန် ဆောင်စဉ်၊ မွေးဖွားချိန်နှင့် မွေးဖွားပြီးနောက် စောင့်ရှောက်မှုများတွင် မိခင်နို့တိုက်ကျွေးရေး အထောက်အပံ့ကို ပေါင်းစပ်ထည့်သွင်းပေးရန်။
• မီးဖွားပြီးမိခင်နှင့် မွေးကင်းစကလေး စောင့်ရှောက်ရေးဌာနများအားလုံးတွင် မွေးဖွားပြီးချင်း မိခင်နှင့်ကလေး အရေပြားချင်းထိတွေ့ထားပေးခြင်း၊ မိခင်နှင့်ကလေးအတူတကွ အခန်းတစ်ခန်းတည်းတွင် ထားရှိခြင်း (Rooming-in) နှင့် မိခင်နှင့်မွေးကင်းစကလေးများကို မလိုအပ်ဘဲ ခွဲခြားထားခြင်းမှရှောင်ကြဉ်ခြင်းအပါအဝင် မိခင်နို့တိုက်ကျွေးရေးအတွက် အထောက်အကူပြုသည့်လုပ်ထုံးလုပ်နည်းများကို အားကောင်းစွာ အကောင် အထည်ဖော်ရန်။
• WHO၏ စောင့်ကြည့်အကဲဖြတ်သည့်နည်းလမ်းများကိုအသုံးပြု၍ မိခင်နို့စောစီးစွာစတင်တိုက်ကျွေးမှုကို အား ကောင်းစွာ အကောင်အထည်ဖော်ပြီး လိုအပ်ချက်များနှင့်အားနည်းချက်များကို ဖော်ထုတ်နိုင်ရန် စောင့်ကြည့်ရန်။
• မိခင်နို့အစားထိုးအစားအစာများ၏ စျေးကွက်တင်ခြင်းဆိုင်ရာ အမျိုးသားဥပဒေများ (National Codes of Marketing of Breast-milk Substitutes) ကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် မီးဖွားပြီးမိခင်နှင့် မွေးကင်းစကလေး စောင့်ရှောက်ရေးဌာနများအားလုံးတွင် မိခင်နို့တိုက်ကျွေးရေးကို အထောက်အကူပြုသော ပတ်ဝန်းကျင်များ ဖန်တီးပေးရန်။
ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရန်ပုံငွေများ ပိုမိုကန့်သတ်လာနေသည့် ယခုအချိန်တွင် နိုင်ငံများအနေဖြင့် အကျိုးအမြတ် အများဆုံးရရှိစေနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါသည်။ ကျန်းမာရေး၊ အာဟာရ၊ သင်ယူနိုင်စွမ်းနှင့် စီးပွားရေးဆိုင်ရာ ရလဒ်များအပေါ် မိခင်နို့တိုက်ကျွေးခြင်းကဲ့သို့ အကျိုးသက်ရောက်မှု ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများမှာ အလွန်နည်းပါးပါသည်။
ထိရောက်မှုရှိပြီးသား နည်းလမ်းများကို ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများသည် မိခင်နို့တိုက်ကျွေးရေး ရည်မှန်းချက်များအပေါ် တိုးတက်မှုကို အရှိန်မြှင့်နိုင်မည်ဖြစ်ပြီး ကျန်းမာရေးရလဒ်များကို ပိုမိုကောင်းမွန်စေကာ ကျန်းမာပြီးရေရှည်တည်တံ့နိုင်သော လူ့အဖွဲ့အစည်းများကို တည်ဆောက်နိုင်မည် ဖြစ်ပါ သည်။
ဤ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်တွင် မိခင်တိုင်းအတွက် လိုအပ်သော အထောက်အပံ့များ ရရှိစေရန် အတူတကွ ဆောင်ရွက်ကြပါစို့။ ဘဝ၏ရေရှည်တည်တံ့သော အစပြုမှုအတွက် ထိရောက်မှုရှိပြီးသား နည်းလမ်းများကို ပိုမိုခိုင်မာစွာ အကောင်အထည်ဖော်ကြပါစို့။
Crd-WHO
World Breastfeeding Week (01–07 August 2026)
Message from Dr Catharina Boehme, Officer-in-Charge, WHO South-East Asia
👉 Read the full message here:
https://www.who.int/southeastasia/news/detail/03-08-2026-world-breastfeeding-week
Breastfeeding is one of the most effective ways to ensure a baby’s health and development. Breastmilk provides all the nutrition needed to survive and thrive, supports healthy growth and brain development, reduces obesity in children, and functions as a child’s first vaccine by strengthening imm...