11/06/2026
💥 HIV မကူးအောင် ၆ လတစ်ကြိမ် ထိုးရုံနဲ့ ကာကွယ်နိုင်မယ့် ဆေးသစ် (Lenacapavir) 💥
🍁၆ လ တစ်ကြိမ် ထိုးရုံနဲ့ HIV ပိုး ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဆေးသစ်တစ်မျိုး ပေါ်ထွက်လာပါပြီ။
🍁ဒီဆေးရဲ့ နာမည်က Lenacapavir (Yeztugo) ဖြစ်ပါတယ်။
အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ကလည်း ၂၀၂၅ ခုနှစ် ဇွန်လမှာ HIV ကြိုတင်ကာကွယ်ရေး (PrEP) အတွက် တရားဝင် အသုံးပြုခွင့် ပေးထားပြီး ဖြစ်ပါတယ်။
၁။ ဒီဆေးက ဘာဆေးလဲ၊ ကာကွယ်ဆေး (Vaccine) လား။
ဒီဆေးဟာ ကာကွယ်ဆေး Vaccine မဟုတ်ပါဘူး။
ဒါပေမဲ့ မတော်တဆ ခန္ဓာကိုယ်ထဲ HIV ပိုး ဝင်လာခဲ့ရင် အဲဒီပိုးက ဆက်မပွားများနိုင်အောင် တားဆီးပေးမဲ့ ကြိုတင်ကာကွယ်ဆေး (PrEP) ဖြစ်ပါတယ်။
မှတ်ချက် - Lenacapavir ကို HIV ပိုး မရှိသေးသူတွေမှာ မကူးစက်အောင် ကာကွယ်ဖို့ သုံးသလို၊ အခြားဆေးတွေနဲ့ မတိုးတော့တဲ့ HIV ဝေဒနာရှင်တွေကို ကုသဖို့အတွက်လည်း တွဲဖက် အသုံးပြုပါတယ်။
၂။ ပိုးကို ဘယ်လို ကာကွယ်ပေးသလဲ။
HIV ပိုးရဲ့ အပြင်ဘက်မှာ သူ့မျိုးဗီဇကို ကာကွယ်ထားတဲ့ ပရိုတင်းအခွံလေး (Capsid) ရှိပါတယ်။ အဲဒီအခွံက ပိုးသစ်တွေ ဆက်ပွားဖို့ အလွန်အရေးကြီးပါတယ်။
Lenacapavir က အဲဒီအခွံကို အလုပ်မလုပ်နိုင်အောင် ဖျက်ဆီးပစ်တဲ့အတွက် HIV ပိုးက ခန္ဓာကိုယ်ထဲမှာ လုံးဝ ဆက်မပွားနိုင်တော့ဘဲ သေဆုံးသွားစေပါတယ်။
၃။ ဘယ်လောက်ထိ စိတ်ချရသလဲ။
လူထောင်ပေါင်းများစွာကို စမ်းသပ်လေ့လာခဲ့တဲ့ သုတေသနတွေအရ အာဖရိက အမျိုးသမီး ၂,၀၀၀ ကျော်ကို စမ်းသပ်ရာမှာ ဆေးထိုးထားသူတွေထဲက တစ်ယောက်မှ HIV ပိုး ကူးစက်ခံရခြင်း မရှိခဲ့ပါဘူး (၁၀၀% ကာကွယ်နိုင်ခဲ့ပါတယ်)။
အခြား အမျိုးသားနဲ့ အမျိုးသမီးအုပ်စုတွေမှာလည်း မသုံးသူတွေနဲ့ နှိုင်းယှဉ်ရင် ကူးစက်နိုင်ခြေကို ၉၆% အထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် လက်ရှိအချိန်အထိ အလွန်ထိရောက်တဲ့ ဆေးဖြစ်ပြီး ၁၀၀% အပြည့်နီးပါး ကာကွယ်မှုပေးနိုင်ပါတယ်။
၄။ ဘယ်သူတွေ ထိုးသင့်သလဲ။
လက်ရှိမှာ HIV ပိုး မရှိသေးဘဲ ကူးစက်နိုင်ခြေ မြင့်မားတဲ့သူတွေ အသုံးပြုနိုင်ပါတယ်။
🍁အထူးသဖြင့်—
နေ့တိုင်း အချိန်မှန် ဆေးသောက်ဖို့ မေ့တတ်သူတွေ။
နေ့စဉ် ဆေးသောက်ရတာ အခက်အခဲရှိသူတွေ။
အတူနေအဖော်မှာ HIV ပိုးရှိနေပြီး ကူးစက်ခံရမှာ စိုးရိမ်ရသူတွေ။
ဆေးထိုးအပ် မျှဝေသုံးစွဲမိနိုင်ခြေ ရှိသူတွေ။
(အသက် ၁၂ နှစ်နှင့်အထက်၊ ကိုယ်အလေးချိန် အနည်းဆုံး ၃၅ ကီလို / ၇၇ ပေါင် ရှိသူများ အသုံးပြုနိုင်ပါသည်)
၅။ ဆေးကို ဘယ်လို ထိုးရသလဲ။
ဒီဆေးကို စတင်အသုံးပြုတဲ့ ပထမဆုံး အကြိမ်မှာ—
ပထမနေ့ — ဗိုက်အရေပြားအောက်ထဲ ဆေး ၂ လုံး ထိုးပေးပြီး သောက်ဆေး ၂ လုံး သောက်ရပါမယ်။
ဒုတိယနေ့ — နောက်ထပ် သောက်ဆေး ၂ လုံး ထပ်သောက်ရပါမယ်။
အဲဒီနောက်ပိုင်း — ၆ လတစ်ကြိမ် (၂၆ ပတ် တစ်ကြိမ်) ဗိုက်အရေပြားအောက်ကို ဆေး ၂ လုံး ပုံမှန် ထိုးသွားရုံပါပဲ။
🍁၆။ မထိုးခင်နဲ့ ထိုးနေစဉ် သတိထားရမည့်အချက်များ။
* အရင်ဆုံး သွေးစစ်ရပါမယ် — မိမိမှာ HIV ပိုး လုံးဝ မရှိမှသာ ဒီဆေးကို ထိုးရပါမယ်။ ပိုးရှိနေတာ မသိဘဲ ဒီဆေးတစ်မျိုးတည်း သွားထိုးမိရင် ပိုးက ဆေးယဉ်ပါးသွားပြီး နောင်ကုသရ ခက်သွားနိုင်ပါတယ်။
* ၆ လတစ်ကြိမ် ရက်ချိန်း မပျက်ပါစေနဲ့ — ဆေးထိုးရက် လွတ်သွားရင် ကာကွယ်မှုအား လျော့ကျသွားနိုင်ပါတယ်။
🍁ကာလသားရောဂါတွေကို မကာကွယ်ပါဘူး — ဒီဆေးက HIV ပိုးကိုသာ ကာကွယ်ပေးတာဖြစ်ပြီး ဆစ်ဖလစ်၊ ဂနိုရီးယား စတဲ့ အခြား လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို မကာကွယ်နိုင်တာကြောင့် ကွန်ဒုံးကို ဆက်လက် အသုံးပြုသင့်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ၂၀၂၇ နှောင်းပိုင်း စတင်ထိုးပေးနိုင်မယ်လို့ ကျန်းမာရေးဌာန က ဆိုပါတယ်။
🍁Lenacapavir (Sunlenca) ဆေးကတော့ HIV ပိုးရှိတဲ့လူနာကို ကုသတဲ့ဆေးဖြစ်ပြီး၊ Lenacapavir(Yeztugo) ကတော့ HIV ပိုးမရှိတဲ့ လူတွေမှာသုံးတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။
🍂PrEP ဆိုသည်မှာ Pre-Exposure Prophylaxis ၏ အတိုကောက်ဖြစ်ပြီး HIV ပိုးမရှိသေးသူများ အနေဖြင့် ပိုးကူးစက်ခံရနိုင်ခြေရှိသော အခြေအနေများ မကြုံတွေ့ရမီ ကြိုတင်ကာကွယ်သည့်အနေဖြင့် သုံးစွဲရသော ဆေးဝါး ဖြစ်ပါသည်။🍂
#ကျန်းမာရေးဗဟုသုတ ာကွယ်ရေး