12/10/2026
အခန်း (၆) - ပဟေဠိလမ်းဆုံ
ပိုက်ကွန်ကို ကွင်းရှောင်ခြင်း
လိုက်သူနှင့် ပုန်းရှောင်ပြေးသူတို့၏ ပုန်းတမ်းကစားပွဲသည် စင်ကာပူနိုင်ငံ၏ နယ်စပ်တံခါးဝတွင် စတင် ခဲ့လေပြီ။
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) မှလက်ထောက်စုံစမ်းစစ်ဆေးရေးမှူးဆွေနှင်း တို့ အဖွဲ့ နှင့် မြန်မာ့ အထူးထောက်လှမ်းရေး အရာရှိ ညီညီဇော် တို့သည် စင်ကာပူ ချန်ဂီလေဆိပ် (Changi Airport) ၏ လူဝင်မှုကြီးကြပ်ရေးဂိတ်များတွင် 'Arthur Zin' (မင်းလွင်) နှင့် ပတ်သက်သမျှ သဲလွန်စ၊ အမည်များ နှင့် ဓာတ်ပုံများကို ကွန်ပျူတာစနစ်အတွင်း ထည့်သွင်းကာ တင်းကျပ်စွာ ပိုက်ကွန်ဖြန့်၍ စောင့်ဆိုင်း နေခဲ့ ကြသည်။
သို့သော် 'Arthur Zin' (မင်းလွင်) သည် ရဲများ၏ အတွေးထက် တစ်ကွက်ကျော် တစ်ဆင့်စောနေခဲ့၏။
'Arthur Zin' (မင်းလွင်) နှင့် နွေနှင်းတို့ နှစ်ဦးသည် စင်ကာပူသို့ လေယာဉ်ဖြင့် တိုက်ရိုက်မလာခဲ့ကြပေ။
ထိုင်းနိုင်ငံမှတစ်ဆင့်မလေးရှားသို့တိတ်တဆိတ်ဝင်ရောက်ခဲ့ကြပြီး၊ထိုမှတစ်ဆင့် ခရီးသည်တင် ဘတ်စ် ကား ဖြင့် Woodland Gate မှ မလေးရှား-စင်ကာပူ နယ်စပ်တံတား (Causeway) ကို ကုန်းလမ်းခရီးဖြင့် လျှို့ဝှက်စွာ ဖြတ်ကျော် ခဲ့ ကြခြင်း ဖြစ်သည်။
နယ်စပ်မဖြတ်မီ 'Arthur Zin' (မင်းလွင်) သည် မလေးရှားနိုင်ငံသား သား တစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်မှု နှင့် ရုပ်သွင် ကို ပြောင်းလဲပစ်ခဲ့သလို၊ နွေနှင်းကိုလည်း မလေးရှားမလေး ပုံစံမျိုး ရုပ်ဖျက်ခိုင်းခဲ့သည်။ ထို့ကြောင့်၎င်းတို့နှစ်ဦးသည်သာမန်"မလေးရှားသားအဖ" ပုံစံဖြင့် စင်ကာပူလူဝင်မှုကြီးကြပ်ရေး အရာရှိ များကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကာ အေးအေးဆေးဆေး ကွင်းရှောင် ခြေချနိုင်ခဲ့ကြလေသည်။
ပင်လယ်ပြင်အလယ်က လျှို့ဝှက်ရွက်လှေ
စင်ကာပူသို့ရောက်ရှိပြီးနောက်မင်းလွင်နှင့်နွေနှင်းတို့ချိန်းဆိုထားသည့်အစည်းအဝေးနေရာမှာ မြို့ ပေါ်ရှိ ဟိုတယ်ကြီးများတွင် မဟုတ်ဘဲ ပင်လယ်ပြင်အလယ် ဖြစ်နေ၏။
စင်ကာပူပင်လယ်ကွေ့၏ လှိုင်းပြာပြာအကြားတွင် ခမ်းနားထည်ဝါလှသော အပျော်စီးဇိမ်ခံရွက်လှေ (Yacht) ကြီးတစ်စီးသည် တိတ်ဆိတ်စွာ ခရီးနှင်နေသည်။ ထိုရွက်လှေကြီးမှာ မှောင်ခိုအဝန်းအဝိုင်းတွင် သြဇာကြီးသည့် သူဌေးကြီး "မာဗင်ချန်း" (Marvin Chan) ပိုင်ဆိုင်သော ရွက်လှေပင် ဖြစ်သည်။
ရွက်လှေ၏ အဆင့်မြင့် အအေးခန်းမဆောင်အတွင်းရှိ ဝိုင်းစက်နေသော စားပွဲကြီးတွင် စင်ကာပူ၊ ထိုင်း၊ တိုင်ပေ၊ဟောင်ကောင်နှင့်မလေးရှားနိုင်ငံတို့မှ ရောက်ရှိလာကြသည့် နိုင်ငံတကာ မှောင်ခိုကုန်သည် ကြီး များ စုံညီစွာ ထိုင်နေကြ၏။
ထိုဝိုင်း၏ ထိပ်ဆုံးတွင် 'Arthur Zin' (မင်းလွင်) က တည်ငြိမ်စွာ ထိုင်နေပြီး၊ သူ၏ နောက်နံဘေးတွင်မူ အစည်းအဝေးတစ်လျှောက်လုံးတွင် နွေနှင်းသည် အကဲခတ်လိုသော မျက်လုံးများဖြင့် ကုန်သည်ကြီး များ ကို စောင့်ကြည့်နေပြီး၊ သူမ၏ ယာဖက် လက်မောင်းအောက် ဂျိုင်းကြားမှာ သိုင်းကြိုးဖြင့် SIG’s P365XL Macro ပစ္စတိုက အဆင့်သင့်ရှိနေ၏။
ပင်လယ်ပြင်အလယ်က ရွက်လှေပေါ်တွင် နိုင်ငံဖြတ်ကျော် မှောင်ခိုအစည်းဝေးကြီးကို 'Arthur Zin' (မင်းလွင်) က အောင်မြင် စွာ ဖန်တီးနိုင်ခဲ့ကြသည်။
“ဝဲလ်ကမ်းပါ... အဆွေတော် Authur Zin။ မလေးရှားကနေ ကားနဲ့ စင်ကာပူထဲကို ဒီလောက် အန္တရာယ် ကင်းကင်း ဝင်လာနိုင်တာ ခင်ဗျားရဲ့ အစီအမံက တကယ့်ကို လက်ဖျားခါလောက်ပါတယ်”
အိမ်ရှင် မာဗင်ချန်းက ဝိုင်ခွက်ကို မြှောက်ရင်း အင်္ဂလိပ်လို နှုတ်ဆက်လိုက်သည်။
“ကျေးဇူးပါပဲ မာဗင်ချန်း... ကုန်းပေါ်မှာက မျက်စိတွေ များလွန်းလို့ ခင်ဗျားရဲ့ ဒီဇိမ်ခံရွက်လှေပေါ်မှာပဲ ပွဲပြတ်အောင် ရှင်းကြတာပေါ့”
'Arthur Zin' (မင်းလွင်) က ခပ်အေးအေးပင် ပြန်ပြောလိုက်၏။
ထို့နောက် ရွှေတြိဂံဒေသမှ ထွက်ရှိမည့် အဖိုးတန်ရတနာများနှင့် လက်နက်ကုန်သွယ်မှု လမ်းကြောင်း အသစ်အတွက်နိုင်ငံစုံမှောင်ခိုကုန်သည်ကြီးများ၏လျှို့ဝှက်အစည်းအဝေးကြီးစတင်တော့သည်။ ဟောင်ကောင်နှင့် တိုင်ပေကုန်သည်များက ငွေကြေးစိုက်ထုတ်ပုံ၊ ထိုင်းနှင့် မလေးရှားကုန်သည်များက လမ်းကြောင်းဖောက်မည့် အစီအစဉ်များကို အချေအတင် ဆွေးနွေးကြသည်။
အစည်းအဝေးတစ်လျှောက် နွေနှင်းက အကဲခတ်လိုသော မျက်လုံးများဖြင့် ကုန်သည်များကို စောင့် ကြည့် နေ၏။
'Arthur Zin' (မင်းလွင်) သည် ကုန်သွယ်မှုစာချုပ်များကို အတည်ပြုရင်း နွေနှင်းကို ကြည့် ကာ စိတ်ထဲ တွင်လွန်စွာ ဂုဏ်ယူနေမိသည်။
ဤမိန်းကလေးသည် အရည်အချင်းရှိရုံတင်မကဘဲ ဘေးနား တွင် ရှိနေရုံမျှ ဖြင့်သူ့အတွက် တကယ့်ကို အားကိုးရသည့် သွေးသားရင်းချာတစ်ခုလို ခံစားနေရသော ကြောင့် ဖြစ်သည်။
စင်ကာပူချန်ဂီလေဆိပ် (Changi Airport)
နေ့စဥ် နိုင်ငံခြား လေကြောင်းလိုင်းများ စုံ မှတ်နေရာတစ်ခုဖြစ်၍ အမြဲစည်ကားနေသည်။
စင်ကာပူ ချန်ဂီလေဆိပ် (Changi Airport) တွင် လက်ထောက်စုံစမ်းစစ်ဆေးရေးမှူး ဆွေနှင်း တို့ အဖွဲ့ နှင့် မြန်မာ့ အထူးထောက်လှမ်းရေးမှူး ညီညီဇော် တို့ တစ်ပတ်တိတိ အချိန်ကုန်လွန်ခဲ့သော်လည်း Authur Zin တို့ အဖွဲ့၏ အရိပ်အယောင်ကိုမျှ မတွေ့ရချေ။
“တစ်ခုခုတော့ လွဲနေပြီ ဆွေနှင်း... သူတို့ လေကြောင်းလိုင်းကို မသုံးတာ ဖြစ်နိုင်တယ်”
ညီညီဇော်၏ သတိပေးချက်ကြောင့် ဆွေနှင်းလည်း သတိဝင်လာကာ မလေးရှားနှင့် စင်ကာပူကို ဆက် သွယ် ထားသည့် Woodlands Checkpoint နှင့် Tuas Checkpoint နယ်စပ်ဂိတ်များသို့ ချက်ချင်း အင် အား လွှဲပြောင်းလိုက်သည်။
Woodlands ဂိတ်၏ စောင့်ကြည့်ရေးအခန်းထဲတွင် နယ်စပ်ဂိတ် ကွန်ပျူတာစနစ်များ၌ 'Arthur Zin' (မင်းလွင်) ၏ ဓာတ်ပုံများကို ဖြန့်ဝေပြီး စစ်ဆေးခဲ့သော်လည်း မည်သည့် ထူးခြားမှုမျှ ပေါ်မလာခဲ့ပေ။
“တောက်... အဝင်အထွက်တွေ အကုန်ပိတ်ထားတာကို ဘယ်လိုနည်းနဲ့ ဝင်သွားကြတာလဲ!” ညီညီဇော်က စားပွဲကို လက်သီးဖြင့် ပြင်းပြင်းထုလိုက်သည်။
“ကိုညီ... သူတို့ကို လျှော့တွက်လို့ မရတော့ဘူးနော်”
ဆွေနှင်းက စိတ်ပျက်လက်ပျက်ဖြင့် ဂိတ်အပြင်ဘက်က စင်ကာပူမြို့ပြ မြင်ကွင်းကို လှမ်းကြည့် လိုက် မိသည်။
သူတို့ လုံးဝမတွေးမိသည်ကတော့... သူတို့ မရောက်မီကတည်းက ထိုဂိတ်မှ ဖြတ်သန်းသွားသည့် ဘတ်စ် ကားတစ်စီးထဲတွင် Authur Zin နှင့် နွေနှင်းတို့သည် "မလေးရှား သားအဖ" ပုံစံဖြင့် အေးအေး ဆေးဆေး ပါသွားခဲ့ပြီးဖြစ်သည် ဆိုသောအချက်ပင်။
မြန်မာတို့ ဆုံစည်းရာ Peninsula Plaza (ပင်နီဆူလာပလာဇာ)
ဂိတ်များတွင် ခြေရာခံ၍ မရသဖြင့် စိတ်ရှုပ်ထွေးနေသော ဆွေနှင်းသည် ညီညီဇော်ကို စိတ်အပန်းပြေ စေရန်အတွက် စင်ကာပူရှိ မြန်မာတို့ ဆုံစည်းရာ Peninsula Plaza (ပင်နီဆူလာပလာဇာ) ရှိ 'ဇေယျာ' မြန်မာစားသောက်ဆိုင်သို့ ချိန်းဆိုလိုက်သည်။
ညီညီဇော်က ချိန်းဆိုထားသည့် အချိန်ထက် စောစီးစွာ ရောက်ရှိလာခဲ့၏။ ဆိုင်အတွင်းလှမ်းဝင်လိုက်စဉ်... ဒေါင့်ကျကျ စားပွဲဝိုင်းတစ်ခုတွင် ခေတ်မီဆန်းသစ်လှသော အဝါရောင် ဝတ်စုံကို လှပကျော့ရှင်းစွာ ဝတ်ဆင်ထားပြီး မုန့်ဟင်းခါး စားနေသည့် မိန်းကလေးတစ်ဦးကို မြင်လိုက် ရ သည်။
“အော်... ဆွေနှင်းတစ်ယောက် ငါ့ထက်တောင် စောရောက်နေပါလား၊ ပြီးတော့ ဒီနေ့မှ ထူးထူးခြားခြား အဝါရောင်ဝတ်စုံလေးနဲ့... အမြဲတမ်း ရဲစတိုင် အမည်းရောင်တွေပဲ ဝတ်တတ်တဲ့သူက”
ညီညီဇော်က ဆွေနှင်းဟု အပိုင်တွက်ကာ အပြေးအလွှား လျှောက်သွားလိုက်သည်။
“ဆွေ... ဆွေက ကိုညီ့ထက်တောင် စောရောက်နေတာကိုး၊ ဝတ်စုံကလည်း ဒီနေ့မှ ထူးထူးခြားခြား လှ နေပါလား...”
သို့သော် မုန့်ဟင်းခါး စားနေရင်း ခေါင်းမော့ကြည့်လာသော ထိုမိန်းကလေး၏ စူးရှလှသော မျက်ဝန်း များ နှင့် အေးစက်စက် အကြည့်တို့ကို မြင်လိုက်ရချိန်တွင် ညီညီဇော် ကြက်သီးများ ဖျန်းခနဲ ထသွားရ ၏။
“ရှင်... ကျွန်မကို ဘယ်သူလို့ ခေါ်လိုက်တာလဲ...”
ထိုမိန်းကလေးမှာ ရွက်လှေပေါ်က အစည်းအဝေးအပြီး ပင်နီဆူလာသို့ ခေတ္တလျှောက်လည်နေသည့် မန္တလေးက "နွေနှင်း" ပင် ဖြစ်သည်။
သူမက ညီညီဇော်ကို နှုတ်ခမ်းတစ်ချက် တွန့်ရုံပြုံးကာ ခပ်စိမ်းစိမ်း ကြည့်ပြီး မုန့်ဟင်းခါး ဆက်စားနေ သည်။
“ဟုတ်ကဲ့... စိတ်မရှိပါနဲ့နော်၊ ကျွန်တော် လူမှားပြီး နှုတ်ဆက်မိတာပါ”
ညီညီဇော်က အမှားကို မြန်မြန်ပြင်ကာ တောင်းပန်ပြီး ခပ်လှမ်းလှမ်းက စားပွဲတွင် ပြာပြာသလဲ သွား ထိုင်လိုက်ရသည်။
သူ့စိတ်ထဲတွင်မူ ပဟေဠိပေါင်းများစွာ မြွေလိုလိမ်နေတော့၏။
နွေနှင်းကတော့ အေးအေးဆေးဆေး သောက်လက်စ လိမ္မော်ရည် ဖန်ခွက်ကို မော့ကာ ဆက်သောက်နေ လေသည်။
ထိုင်သာထိုင်နေရသော်လည်း ညီညီဇော်၏ စိတ်ထဲတွင်တော့ ဇဝေဇဝါဖြင့် ဝေခွဲမရနိုင်အောင် ဖြစ်နေ ချေပြီ။
“ဒီမိန်းကလေးက ဆွေနှင်းနဲ့ ဘာလို့ ဒီလောက်တူနေရတာလဲ... ဆွေနှင်းမှာ အမွှာညီအစ်မ ရှိတာလား... ဒါမှမဟုတ် သူက ဘယ်သူလလဲ” ဟူသော အတွေးပေါင်းစုံက ခေါင်းထဲတွင် လှည့်ပတ်နေတော့သည်။
--------
နွေနှင်းက သူမ၏ မုန့်ဟင်းခါးပန်းကန်ကို ဘေးသို့တွန်းကာ ပါးစပ်ကို တစ်ရှူးဖြင့် သုတ်လိုက်သည်။
ထို့ နောက် ထိုင်ခုံမှထကာ ဆိုင်ကောင်တာသို့ လျှောက်သွားပြီး အေးအေးဆေးဆေးပင် ငွေရှင်းလိုက်၏။ ညီညီဇော်က သူမ၏ လှုပ်ရှားမှုမှန်သမျှကို အကဲခတ်နေသော်လည်း နွေနှင်းကတော့ သူ့ကို လုံးဝ စိတ် မဝင်စားသည့်အလား ဆိုင်၏ အနောက်ဘက်အထွက်တံခါးပေါက်မှတစ်ဆင့် စက်လှေခါးမှဆင်းကာ လူ အုပ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့တော့သည်။
စက္ကန့်ပိုင်းမျှအကြာတွင်ဆိုင်၏ပင်မတံခါးပေါက်မှနေ၍ ကျောပိုးအိတ်အမည်းလေး လွယ်ကာ၊ စတိုင်လ် ပင် အနက်နှင့် တီရှပ်ရိုးရိုးကို စမတ်ကျကျ ဝတ်ဆင်ထားသည့် Interpol အရာရှိ "ဆွေနှင်း" ဝင်လာခဲ့၏။
ဆွေနှင်းက ညီညီဇော်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ရင်း ပြောသည်။
“Sorry ပါ ကိုညီညီဇော်ရေ... လမ်းမှာ ကားနည်းနည်းပိတ်နေလို့၊ ရှင် ရောက်နေတာ ကြာပြီလား”
ညီညီဇော်က ဆွေနှင်း၏ မျက်နှာကို ကြောင်တောင်တောင်ကြီး စိုက်ကြည့်နေဆဲ။
“ဟိတ်... ကိုညီညီဇော်၊ ဘာဖြစ်လို့လဲ၊ ကျွန်မမျက်နှာမှာ ဘာတွေ ပေနေလို့လဲ”
ညီညီဇော်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တိုးတိုးလေး မေးလိုက်၏။
“ဆွေနှင်း... မင်းမှာ... ရုပ်ချင်းတစ်ပုံစံတည်းတူတဲ့ အမွှာညီအစ်မ ဖြစ်ဖြစ်၊ တခြား ညီမ ဖြစ်ဖြစ် ရှိလား...”
“ရှင်...”
ဆွေနှင်း မျက်မှောင်ကုတ်သွားသည်။
“ရှိတယ်လို့ မေမေကတော့ ပြောဖူးပါတယ်၊အမွှာတော့ မဟုတ်ဘူး၊ မေမြတ်ရဲ့ ညီမ မေသက်ရဲ့ သမီး တဲ့... ဘာဖြစ်လို့လဲ၊ငယ်ငယ်ကတော့သူ့ဓာတ်ပုံကိုမေမြတ်ပြလို့ တွေ့ဘူးပါတယ်၊ အမွှာလိုဘဲ တော်တော် တူပါတယ်၊ ဘာဖြစ်လို့လဲ ဟင်”
ဆွေနှင်းက ရေတစ်ငုံသောက်ရင်း ပေါ့ပေါ့ပါးပါးလေး မေးလိုက်သော်လည်း ညီညီဇော်၏ မျက်နှာက ပို၍ အုံ့မှိုင်းသွား၏။
“အမွှာလို အတော်တူတာဗျာ”
ဆွေနှင်းက ဆိုင်းမဆင့်ဗုံမဆင့် အားရပါးရ ရယ်မောလိုက်တော့သည်။
"ဟား... တယ်တော်တဲ့ စုံထောက်ကြီးပါလား၊ ဘယ်သူက ဆွေ့မှာ ညီအစ်မ ရှိတယ်ဆိုတာ ရှင် ရအောင် စုံစမ်းပြီး သိသွားရပြန်တာလဲ၊ ရှင် တော်လွန်းအားကြီးနေပြီ ကိုညီရာ”
ဆွေနှင်းက ရေအေးကိုဖွင့်၍ ခွက်ထဲငှဲ့ကာ တစ်ငုံသောက်ရင်း ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။ သို့သော် ညီညီဇော်၏ မျက်နှာကတော့ ပေါ့ပါးမသွားဘဲ ပို၍ အုံ့မှိုင်း မျက်မှောင်ကုတ်သွားရ၏။
“သူက ဘယ်မှာနေတာလဲ၊ ဘာလုပ်သလဲ”
“မန္တလေး မှာနေတယ်တဲ့၊ မန္တလေးဆေးရုံကြီးက သူနာပြုဆရာမလို့ မေမြတ်ပြောဘူးပါတယ်”
“မန္တလေးဆေးရုံကြီးက သူနာပြုဆရာမ... ဟုတ်လား”
ညီညီဇော် စိတ်ထဲတွင် ရေရွတ်မိသည်။
စောစောက အဝါရောင်ဝတ်စုံနှင့် ခပ်မိုက်မိုက် မိန်းကလေးက ဘယ်လိုမှ မန္တလေးက သူနာပြုဆရာမ ဖြစ် မနေ နိုင်ပါ။
"ကိုညီ... ဘာလို့ ငြိမ်သွားတာလဲ၊ ဆွေ့ အစ်မ ဆိုတာကို မန္တလေးမှာ တွေ့ခဲ့ဘူးလို့လား"
ဆွေနှင်းက ညီညီဇော် ငြိမ်ကျသွားသဖြင့် ထူးဆန်းသလို ထပ်မေးပြန်သည်။
"သြော်... မဟုတ်ပါဘူး ဆွေနှင်းရဲ့၊ ဟို... စောစောက ဆိုင်ထဲမှာ ဆွေနှင်းနဲ့ တစ်ပုံစံတည်း တူတဲ့ မြန်မာ မလေးတစ်ယောက်ကို ဆုံတွေ့လိုက်ရလို့ပါ၊ ဝတ်စုံက အဝါရောင် တောက်တောက်ရှပ်လေး နဲ့ ဂျင်းပင် ဝတ်ထား တယ်”
“ဆုံတွေ့လိုက်ရတယ် ဆိုတော့ ကိုညီ သူ့ကို ဆွေ နဲ့ လူမှားပြီး နှုတ်ဆက်မိခဲ့ တယ်ပေါ့”
“ ဟုတ်ပါ့ဗျာ၊ အဲဒါကြောင့် ဆွေနှင်းလား၊ ဒါမှမဟုတ် ညီမပဲလားဆိုပြီး သံသယဝင်လို့ မေးကြည့်တာပါ"
"ဟင် ... ဟုတ်လား၊ ဆွေနဲ့တူ တဲ့ မိန်းကလေးကို ဒီ ပင်နီဆူလာမှာ တွေ့တယ် ဟုတ်လား"
ဆွေနှင်းလည်း စိတ်ဝင်စားသွားပြီး ဆိုင်ပတ်ပတ်လည်ကို လှည့်ကြည့်မိသည်။
သို့သော် ထိုမိန်းကလေးကတော့ အနောက်ပေါက်ကနေ ထွက်သွားပြီမို့၊ မတွေ့ရတော့ပါ။
"ထားပါတော့လေ... ကိုညီရာ၊ လူတူ မရှားတဲ့၊ ဆင်တူယိုးမှား ဖြစ်မှာပါ၊ ကဲ... စားစရာ မှာရအောင်၊ ဆွေ့တော့ ဗိုက်တော်တော်ဆာနေပြီ"
ဆွေနှင်းက သူကိုင်ကြည့် နေသော MENU CARD ကို သားပွဲပေါ် ပြန်ချလိုက်ရင်း မုန့်ဟင်းခါးမှာဖို့ ကောင်တာကို လှမ်းအချက်ပြလိုက်ချိန်တွင် ညီညီဇော်ကတော့ ရင်ထဲ၌ တုန်လှုပ်ချောက်ချားစွာဖြင့် အတွေးတစ်ခုကို အပြီးသတ်လိုက်တော့သည်။
“ ဟာ ဟုတ်ပီ၊ ခုနက တွေ့ခဲ့ရတဲ့ ဆွေနှင်းနဲ့ သိပ်တူတဲ့ မိန်းကလေး က ဘယ်ကျော် (ဘယ်သန်)၊ ဆွေနှင်းက ညာသန်ပဲ”
ညီညီဇော်က နှစ်နှစ် ချိုက်ချိုက် ပြုံးလိုက်မိသည်။
“ ကြည့် ၊ ကိုညီ က ပြုံးနေပြန်ပြီ”
“ ဘာတွေ တွေးပြီးပီတိဖြစ်နေရတာလဲ”
“ဟို ဟို ၊ ဘာမှ မဟုတ်ပါဘူး၊ လူမှား မှ မှား တတ်ရန်ကောလို့ တွေးမိလို့ပါ”
ဆေးရုံဝင်းထဲက နူးညံ့သော မျက်ဝန်း
အစည်းအဝေးပြီးနောက် Authur Zin (မင်းလွင်) သည်နွေနှင်းကို ခေါ်ကာစင်ကာပူမြို့လယ်ရှိ အဆင့်မြင့် ဟိုတယ် တစ်ခု ၌ ခေတ္တနားနေခဲ့သည်။
သူကိုယ်တိုင်ကမူ နယ်စပ်မှသယ်ဆောင်လာသည့် သွေးနီရောင် ပတ္တမြား အချို့ကိုပြသရန် အတွက် စင်ကာပူအမျိုးသားတက္ကသိုလ်ဆေးရုံကြီး (NUH)အနီးရှိ ကော်ဖီဆိုင် တစ်ဆိုင် သို့ ထွက်ခွာလာခဲ့၏။
ကျောက်ကုန်သည်နှင့် တွေ့ဆွေးနွေးပြီးနောက် မင်းလွင်သည် မှန်ပြတင်းပေါက်ဘေးတွင် တကိုယ်တော် ကော်ဖီသောက်နေစဉ် ဆေးရုံကြီးဘက်မှနေ၍ ဆရာဝန်ကြီးများအဖွဲ့နှင့်အတူ လမ်းလျှောက်ထွက်လာ သည့် မိန်းကလေးတစ်ဦးကို လှမ်းမြင်လိုက်ရသည်။
သူမသည် စင်ကာပူ၏ နွေရာသီ နေရောင်အောက်တွင် အဖြူရောင် သူနာပြုဝတ်စုံလေးကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် နာမည်ကတ်ပြားလေး ချိတ်ဆွဲထား၏။
သူမ၏ ရုပ်သွင်၊ သွားလာလှုပ်ရှားပုံ နှင့် မျက်နှာပေါက်မှာ... ဟိုတယ်တွင် ကျန်ရစ်ခဲ့သည့် သူ၏ လက်ရုံး တပည့်မလေး နွေနှင်းနှင့် တစ်ပုံစံတည်း တူလွန်းနေသည်။
“ဟင်... နွေမ ပါလား”
မင်းလွင် ကော်ဖီခွက်ကို ကိုင်ရင်း မျက်မှောင်ကုတ်သွားသည်။
“ဒီကလေးမ... ငါ သည်ကို ထွက်လာတော့ ဟိုတယ်မှာ ကျန်နေခဲ့တာ မဟုတ်လား၊ ဘာဖြစ်လို့ အခု ဆေး ရုံ uniform ဝတ်ပြီး ဆရာဝန်တွေနဲ့ လျှောက်သွားနေရတာလဲ... ငါ့နောက်ကို ခိုးလိုက်ပြီး ဉာဏ်ဆင် ထောက်လှမ်းနေတာများလား”
'Arthur Zin' (မင်းလွင်) တစ်ယောက် သံသယစိတ်ဖြင့် ကော်ဖီဆိုင်အပြင်သို့ ခပ်မြန်မြန် လှမ်းထွက်ခဲ့ တော့ သည်။
ဆရာဝန်ကြီးများအဖွဲ့လူစုခွဲသွားချိန်တွင်စင်္ကြန်လမ်းဘေးအရိပ်အောက်၌ 'Arthur Zin' (မင်းလွင်) သည် ထိုမိန်းကလေး ၏ ရှေ့ကနေ ပိတ်ရပ်လိုက်မိ၏။
“နွေမ... ညည်း ဘာအကွက် ထွင်နေတာလဲ၊ ငါ့နောက်ကို ဘာလို့ လိုက်လာတာလဲ”
မင်းလွင်က လေသံကို နှိမ့်ပြီး ခပ်ဆတ်ဆတ် မေးလိုက်သည်။
ထိုမိန်းကလေးမှာ ဘာကို ပြန်ဖြေရမှန်းမသိ၊ ကြောင်စီစီလေးရပ်နေမိ၏။
သူက စင်ကာပူသို့Robotic Knee Replacementသင်တန်းတက်ရန် ရောက်ရှိနေသည့် သူနာ ပြုဆရာမ လေး "သက်နှင်း" ပင် ဖြစ်သည်။
မိမိရှေ့၌ ရုတ်တရက် ပိတ်ရပ်ကာ "နွေမ" ဟု ခေါ်ကာ ငေါက်ငမ်းလိုက်သဖြင့် သက်နှင်း လန့်ဖျန့်သွားရ ရှာ သည်။
“ရှင်... ဘယ်သူလဲဟင်၊ ဦးလေး ကျွန်မကို လူမှားနေပြီ ထင်တယ်ရှင့်၊ ကျွန်မ နာမည် နွေမ မဟုတ်ပါ ဘူး”
သက်နှင်းကကြောက်ကြောက်လန့်လန့်ဖြင့်နောက်သို့ဆုတ်ကာရင်ဘတ်မှနာမည်ကတ်ပြားလေးကိုလက် နှစ်ဘက်ဖြင့် အုပ်လိုက်မိသည်။
မင်းလွင်က သက်နှင်း၏ မျက်နှာကို သေချာ စိုက်ကြည့်လိုက်၏။
ရုပ်ချင်းက နွေနှင်းနှင့် ခွဲမရအောင် တူသော်လည်း၊ မျက်လုံးချင်းက လုံးဝ မတူချေ။
ဤမိန်းကလေး၏ မျက်လုံးများက သူနာပြုတစ်ဦးပီပီ နူးညံ့ပြီး ကြောက်ရွံ့မှု အရိပ်အယောင်များ ပြည့်နှက်နေသည်။
“ဒီလောက် ရုပ်ချင်းတူတဲ့လူ လောကမှာ ရှိနိုင်ပါ့မလား...”
“အော်... တောင်းပန်ပါတယ် ကလေးမ၊ ငါ... လူမှားသွားလို့ပါ”
'Arthur Zin' (မင်းလွင်) က အခြေအနေကို ကြည့်ပြီး ခပ်အေးအေးပဲ တောင်းပန်လိုက်သည်။
“ရပါတယ်ရှင့်...”
သက်နှင်းက ထိုလူကြီးကို ကြည့်ပြီး ရင်ထဲတွင် ထူးဆန်းစွာ ဟာခနဲ ခံစားလိုက်ရသော်လည်း၊ ကြောက် စိတ်ကြောင့် ဆေးရုံအဆောက်အအုံထဲသို့ ခပ်သွက်သွက်ပင် ပြေးဝင်သွားခဲ့တော့သည်။
ဆေးရုံထဲ ဝင်သွားသည့် မိန်းကလေး၏ ကျောပြင်ကို ကြည့်ရင်း 'Arthur Zin' (မင်းလွင်) ပြန်လှည့်လာခဲ့ သည်။ သူ၏ စိတ်ထဲတွင်တော့ သံသယလှိုင်းတံပိုးများက အလိပ်လိပ် ထတက်နေချေပြီ။
“ဟိုတယ်ပြန်ရောက်ရင်တော့ နွေနှင်းကို သေချာ မေးမြန်းရမယ်...”
------
'Arthur Zin' (မင်းလွင်)တစ်ယောက် ဟိုတယ်ခန်းထဲသို့ ခြေလှမ်းခပ်သွက်သွက်ဖြင့် ပြန်ဝင်လာခဲ့သည်။
အခန်းထဲတွင်တော့နွေနှင်းက ခပ်မိုက်မိုက် အဝါရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားပြီး သေ နတ် ကျည် ကတ်များကို အေးအေးဆေးဆေး စစ်ဆေးနေသည်ကို တွေ့လိုက်ရ၏။
'Arthur Zin'(မင်းလွင်)ကအခန်းတံခါးကိုပိတ်ကာနွေနှင်းကိုမျက်မှောင်ကုတ်လျက်စိုက်ကြည့်ပြီး မေးခွန်း ထုတ် လိုက် သည်။
"နွေမ... မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ"
နွေနှင်းက သေနတ်ကျည်ကတ်ကို ဂျောက်ခနဲ မြည်အောင် တပ်လိုက်ရင်း ခေါင်းမော့ကြည့်ကာ ခပ်အေး အေးပင် ပြန်မေးလိုက်၏။
"ဘာကို သိချင်တာလဲ ဆရာဇင်..."
'Arthur Zin' (မင်းလွင်) က သက်ပြင်းတစ်ချက်ချကာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ရင်း လေသံကို လျှော့ ၍ ပြောပြ တော့ သည်။
"ငါ... မင်းနဲ့ သိပ်တူတဲ့ မိန်းကလေးတစ်ယောက် တွေ့ခဲ့လို့"
"ဟင်..."
နွေနှင်း မျက်ခုံးပင့်သွားသည်။
"ဘယ်မှာလဲ"
"NUH (စင်ကာပူအမျိုးသားတက္ကသိုလ်ဆေးရုံ) နားမှာ...၊ ရုပ်ချင်း၊ ပုံစံချင်းကတော့ မင်းနဲ့ တစ်ပုံစံ တည်းပဲ၊ ငါတောင် မင်းပဲမှတ်လို့ သွားငေါက်မိသေးတယ်၊ ဒါပေမဲ့... သူက သူနာပြုဝတ်စုံနဲ့..."
"သူနာပြုဝတ်စုံ..."
နွေနှင်း လက်ထဲမှ သေနတ်ကို ကုတင်ပေါ်သို့ ချလိုက်မိသည်။ သူမ၏ ရင်ထဲတွင် ဖော်မပြတတ်အောင် ဒိန်းခနဲလှုပ်ခတ်သွားရ၏။
မိမိတွင်အမွှာညီအစ်မရှိသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပါ။ အမေ၊ အဖိုး၊ အဖွား တို့နှင့်အတူ ဘဝတစ် လျှောက်လုံး ချို့ချို့ငဲ့ငဲ့ဖြင့်တောင်ငူမြို့တွင်ပင်ကြီးပြင်းခဲ့ရသူမဟုတ်ပါလား။ နွေနှင်း ရင်ထဲတွင် ဘာမှကို မမှတ်မိခဲ့သည် မဟုတ်ပါလား။
"ဆရာဇင်... အဲဒီမိန်းကလေးက ဘယ်လိုပုံစံလဲဟင်"
နွေနှင်း၏ လေသံက ပုံမှန်ထက် အနည်းငယ် တုန်ရင်သွားသည်။
"သူက ရိုးရိူးအေးအေးပုံစံပါ၊ သူကလန့်ပြီး ရင်ဘတ်ကို လက်နဲ့အုပ်ထားတော့ နာမည်ကတ်ကို အသေ အချာ မမြင်လိုက်ရပါဘူး"
'Arthur Zin' (မင်းလွင်) က စဉ်းစားရင်း ပြန်ပြောပြ၏။
နွေနှင်းတစ်ယောက် ကုတင်စောင်းတွင် မိန်းမောစွာ ထိုင်မိသွားပြီး စင်ကာပူမြို့ပြကြီး၏ မှန်ပြတင်း ပေါက် အပြင်ဘက်သို့ လှမ်းကြည့်နေမိတော့သည်။
'Arthur Zin' (မင်းလွင်)က သူ၏အခန်းဘက်သို့ ပြန်ရန် ဦးတည်လိုက်စဉ်
"ဆရာဇင်... ခဏနေပါဦး"
"မင်း ဘာပြောမလို့လဲ"
စောစောက ပင်နီဆူလာပလာဇာတွင် မြန်မာလူငယ်တစ်ယောက်က မိမိကို "ဆွေ" ဟု လာရောက်နှုတ် ဆက် ခဲ့သည်ကို နွေနှင်း ချက်ချင်း ပြန်လည်အမှတ်ရသွား၏။
"ဆရာဇင်... ကျုပ် ပြောပြရဦးမယ်"
နွေနှင်းက ကုတင်ပေါ်မှ သေနတ်ကို ကောက်ကိုင်ရင်း လေသံကို ခပ်အေးအေးပင် ပြန်ဆက်လိုက်သည်။ "ကျုပ်ကိုလည်း ဒီနေ့ ပင်နီဆူလာ ပလာဇာမှာ မုန့်ဟင်းခါး စားနေတုန်းက လူတစ်ယောက် လူမှားပြီး လာ နှုတ်ဆက် သေး တယ်"
မင်းလွင် မျက်မှောင်ကုတ်သွားပြီး နွေနှင်းကို လှမ်းကြည့်လိုက်သည်။
"ဟင်... ဟုတ်လား၊ အဲဒီလူက မင်းကို ဘယ်လိုလူမှားတာလဲ"
"လာနှုတ်ဆက်တာက 'ဆွေ'... ဆိုလားပဲ၊ လူပုံက သားသားနားနားပါပဲ၊ ပုံစံက အရာရှိပုံစံပါ၊ ရဲ မဟုတ် ရင်တောင် အဲ့ ဒီ အလုပ် တွေနဲ့ ဆက်နွှယ်နေတဲ့ လူမျိုး"
'Arthur Zin' (မင်းလွင်) တစ်ယောက်ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ရင်းမှ ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်း လိုက် ကာ မျက်လုံးများ ပြူးကျယ်သွားရ၏။
"အင်း... မင်းတို့ပြောတဲ့အတိုင်းဆို တို့ကို စုံစမ်းနေတဲ့ အဖွဲ့အစည်းကလို့ ထင်စရာရှိနေတယ်၊ တို့တတွေ တစ်ရက်တည်းမှာ မင်းနဲ့တူလို့ လူမှားတာ နှစ်ကြိမ်တောင် ဖြစ်လာခဲ့ပြီ... နွေမ၊ မင်းဘဝအကြောင်း ငါ့ကို ပြန်ပြောပြစမ်း၊ မင်းမှာ အစ်မတွေ၊ ညီမတွေ ရှိသလား"
'Arthur Zin' (မင်းလွင်) ၏ မေးခွန်းကြောင့် နွေနှင်းက ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး ခေါင်းခါပြလိုက် သည်။
"ဟင့်အင်း... မရှိပါဘူးဆရာဇင်ရာ၊ ကျုပ်တို့ကတောင်ငူကပါ၊ အဖေဆိုတာလည်း ငယ်ငယ်ကတည်း က မရှိခဲ့ပါဘူး၊ အဖိုးကလက်သမား၊ အဖွားကဝမ်းဆွဲ (လက်သည်မ)၊အမေကတော့ မုန့်ဟင်းခါးသည် လေ၊ ကျုပ်ကိုမွေးကတည်းကဘယ်သူကမှလည်းအမွှာညီအစ်မတွေရှိတဲ့အကြောင်း မပြောခဲ့ဖူးပါဘူး၊ လော ကမှာ လူတူမရှား ဖြစ်မှာပါ၊ ဒါတွေကို ခေါင်းထဲ သိပ်မထည့်ထားပါနဲ့"
နွေနှင်းက ပေါ့ပေါ့ပါးပါးပင် ပြောဆိုပြီး သေနတ်ကို ခါးကြားထဲ ပြန်ထိုးထည့်လိုက်သည်။
သို့သော်... ဉာဏ်အတွေး နက်လှသော 'Arthur Zin' (မင်းလွင်) ကတော့ နွေနှင်းလို စိတ်မအေးနိုင်ခဲ့ပါ။
'တောင်ငူကဝမ်းဆွဲ...အဖေမရှိဘူး...မုန့်ဟင်းခါးသည်...' ဆိုသည့်စကားလုံးများကို ခေါင်းထဲတွင် အကြိမ် ကြိမ် ပြန်လည်စီစစ် စုံစမ်းနေမိသည်။
"အေးလေ... ညည်းပြောသလို လူတူမရှား ဖြစ်မှာပါ"
'Arthur Zin' (မင်းလွင်) ကလောလောဆယ်စကားဖြတ်လိုက်သော်လည်း၊ သူ၏စိတ်ထဲတွင်မူ NUH ဆေး ရုံ ကြီးနှင့် Peninsula Plaza မှ သဲလွန်စများကို လျှို့ဝှက်စွာ ခြေရာခံ စုံစမ်းရန် စိတ်ပိုင်းဖြတ်လိုက်သည်။ သို့သော် လုံခြုံရေးအရ အခြေအနေက မပေးတော့ပေ။
'Arthur Zin' (မင်းလွင်) သည်ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး နွေနှင်းဘက်သို့ လှည့်၍ ပြတ်သားသော အမိန့် တစ်ခု ပေးလိုက် တော့သည်။
"ကဲ... ဒါဆိုလည်း ထားလိုက်တော့၊ ငါတို့ စင်ကာပူက ကိစ္စတွေအားလုံးလည်း ပြီးပြီဆိုတော့ ဒီမှာ ဆက် မနေတာ အကောင်းဆုံးပဲ၊ နွေမ... မင်းက အခုပဲ ဂျိုဟိုးဘာရူး (JB - Johor Bahru) ကို ကုန်းလမ်းကနေ တစ်ယောက်တည်းအမြန်ဆုံးကူးသွားချေ၊Tuas Checkpointကနေဝင်၊ Larkin ဘတ်စ်ကား ဂိတ် ရောက် ရင် ဟိုဘက်မှာ ငါတို့လူ 'စိန်ဝင်း' စောင့်နေလိမ့်မယ်၊ မနက်ဖြန်မနက် AirAsia flight နဲ့ မန္တလေးကို တိုက် ရိုက် ပြန်တော့"
နွေနှင်းက ခေါင်းညိတ်ပြီး အဝတ်အစား အိတ်ကို ပြင်ဆင်လိုက်၏။
"ဆရာဇင်ကော... မန္တလေးကို မပြန်သေးဘူးလား"
"ငါကတော့ အင်ဒိုနီးရှားက ဘာတန်ကျွန်း (Batam Island) ဘက်ကိုဒီဘက်ရေလမ်းကနေ တိတ်တ ဆိတ် ကူးပြီး တစ်ပတ်လောက် ခြေရာဖျောက်နေဦးမယ်၊ ပြီးမှ ထိုင်းနိုင်ငံဘက်ကို ပြန်ဝင်မယ်၊ နောက်ထပ် လုပ်မယ့် အစီအစဉ်တွေ အားလုံးကိုတော့... ပုံမှန်အတိုင်း လျှို့ဝှက် CODE စနစ်နဲ့ပဲ ဆက်သွယ်ကြတာ ပေါ့"
"ကောင်းပါပြီ ဆရာဇင်၊ ကျုပ် အခုပဲ ထွက်တော့မယ်"
နွေနှင်းသည် သူမ၏ ဝတ်စုံအိတ်ကို လွယ်ကာ ခါးကြားမှ သေနတ်ကို သေချာစစ်ဆေးပြီး ဟိုတယ်ခန်း အတွင်း မှ ဦးစွာ ထွက်ခွာသွားခဲ့တော့သည်။
-
ဒေါက်တာ နိုင်ဝင်းသိန်း
12/10/2026